
(တီးတိန်)၊ ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးသည့် ကော်ဖီစေ့သည် ယခုနှစ်တွင် ဝယ်သူများရှိလာ၍ စျေးကောင်းရနေကြောင်း ကော်ဖီစိုက် တောင်သူများထံက သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ကော်ဖီစေ့ ဝယ်ယူသူနည်း၍ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်သာ ရရှိပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်ဖြင့် စျေးကောင်းရရှိခဲ့ခြင်းဖြစ်သည်။
“အရင်နှစ်ထက်စာရင် ဝယ်တဲ့သူတွေ များလာတဲ့အတွက် စျေးကောင်းရတာပါ။ ဒိီထက်လည်းပိုစျေးရအုံးမယ်လို့လည်း တောင်သူတွေက ခန့်မှန်းထားပါတယ်”ဟု တီးတိန်မြို့နယ်မှ ကော်ဖီစိုက်တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကော်ဖီစေ့ကို ကုန်ကြမ်းရောင်းချခြင်းထက် ကော်ဖီမှုန့်အဖြစ် ထုတ်လုပ်ရောင်းချခြင်းသည် တွက်ခြေပိုကိုက်သည့်အတွက် ကော်ဖီမှုန့် ထုတ်လုပ်သူများလည်းရှိလာကြောင်း သိရသည်။
“ကော်ဖီအစေ့ တစ်ပိဿာကို ကော်ဖီအမှုန့် ၇၀၀ ဂရမ်လောက်ထွက်တယ်။ ကော်ဖီမှုန့် ၇၀ ဂရမ်ကို ၃,၀၀၀ ကျပ်နဲ့ရောင်းရတယ်။ အဲ့လိုဆိုတော့ ကော်ဖီစိုက်တော်သူတွေက အမှုန့်ထုတ်လုပ်ပြီး ရောင်းချသူတွေ ပိုများလာတယ်” ဟု တီးတိန်မြို့နယ် ကော်ဖီစိုက်တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့နယ်တွင် ကော်ဖီကို လိုင်ဘုံရွာ၊ ပိမ်းပိရွာ၊ တီးဗွာလ်းရွာ နှင့် ဖူနွမ်းရွာတို့တွင် စီးပွါးဖြစ်အဓိက စိုက်ပျိုးကြပြီး အခြားကျေးရွာများတွင်လည်း တစ်ပိုင်တနိုင် စိုက်ပျိုးကြကြောင်း သိရသည်။
စိုက်ပျိုးသည့် ကော်ဖီသည် Robuster နှင့် Arabica ဟု၍ အမျိုးစားနှစ်မျိုးဖြင့် စိုက်ပျိုးပြီး Robuster ကော်ဖီစေ့ကို coffeemix ထုတ်လုပ်ရာတွင် အသုံးပြု၍ Arabica ကော်ဖီစေ့ကို ဖျော်သောက်ရာတွင် အသုံးပြုသည်။
#တီးတိန်မြို့နယ် #စိုက်ပျိုး #ကော်ဖီစေ့ #ဈေးကောင်းရရှိ
#Ayeyarwaddy_Times