
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၁၆ ရက်)
မွေးမြူရေးခြံ လုပ်ကိုင်တယ်ဆိုတာဟာ ဒေသရိက္ခာဖူလုံရေးအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး အသား၊ ငါး၊ နို့၊ ဥအမျိုးမျိုး ထုတ်လုပ်ရေးအတွက် မွေးမြူရေး အလုပ်ကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။
မွေးမြူရေးလုပ်ငန်းဟာ အရေးပါတဲ့အလုပ်တစ်ခုဖြစ်ပေမယ့် ကျန်းမာရေးမထိခိုက်ဖို့ကိုလည်း ပညာပေး ရပါမယ်။ တိရစ္ဆာန်ကနေ ကူးစက်တဲ့ ရောဂါတွေအကြောင်းသိရှိထားပြီး စနစ်တကျကာကွယ်ရပါမယ်။ ကိုယ်ခန္ဓာ မတော်တဆ ထိခိုက်နိုင်တဲ့ အန္တရာယ်ကိုလည်း လျော့ချကာကွယ်ရပါမယ်။
#မွေးမြူရေးခြံလုပ်ငန်း
လူသားများအသက်ရှင်နေထိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းဟာ လိုအပ်ပါတယ်။ ဒါကြောင့် ကြက်ခြံ၊ ဘဲခြံ၊ ငုံးခြံ၊ ဝက်ခြံ၊ ဆိတ်ခြံ၊ နွားခြံ၊ ငါးကန်၊ ပုစွန်ကန် စသည်ဖြင့် မွေးမြူရေးခြံလုပ်ပြီး နို့ နှင့် နို့ထွက်ပစ္စည်းများ၊ အသာအမျိုးမျိုး၊ ငါး၊ ပုစွန် နဲ့ ဥမျိုးစုံ ကို လူထုအတွက်လိုအပ်တဲ့ ရိက္ခာအဖြစ် ထုတ်လုပ်ပေးနေကြပါတယ်။
မွေးမြူရေးခြံကြောင့်အကျိုးများစွာရရှိသကဲ့သို့ ကျန်းမာရေးကို ပြဿနာ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများလည်းရှိတာကြောင့် စနေတကျထိန်းသိမ်းမှုလို အပ်ပါတယ်။
#တိရစ္ဆာမှကူးစက်နိုင်သောရောဂါများ
ခွေးရူပြန်ရောဂါ ကြက်ငှက်တုပ်ကွေးရောဂါ ကဲ့သို့ လူသိများတဲ့ရောဂါတွေဟာ တိရစ္ဆာကနေ ကူးစက် နိုင်တဲ့ရောဂါတွေ ဖြစ်ပါတယ်။ ဘတ်တီးရီးယား bacteria ဗိုင်းရပ်စ်၊ viruses မှိုများ နှင့် ကပ်ပါးကောင် များကြောင့် ကူးစက်ရောဂါဖြစ်နိုင်ပြီး ရောဂါအချို့ကတော့ တိရစ္ဆာန်ကနေတစ်ဆင့်လူကို ကူးစက် ပျံ့နှံ့ပါတယ်။ အဲ့သည်လို ကူးစက်ရောဂါမှန်သမျှကို မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ နားလည်ထား ရပါမယ်။
ဆိတ်သား၊ အမဲသားတို့ကနေ ကူးစက်တတ်တဲ့ (Anthrax) ဒေါင့်သန်းရောဂါ ၊(Brucellosis) ဘရူဆယ် လိုးစစ်ရောဂါ၊ သန်းနှင့်လှေးကိုက်ရာမှကူးစက်သော (Lyme disease) လိုင်မ်း ရောဂါ၊ ကြွက်သန်း ကြွက်လှေးမှ ကူးသော (Plague) ပလိပ်ရောဂါ၊ နွားနို့နှင့်အမဲသားမှကူးစက်တတ်သော (Tuberculosis) တီဘီရောဂါ၊ (Salmonella infection) ဆယ်မွန်နဲလား ပိုးကြောင့်အူတွင်ဖြစ်သော အထက်လှန် အောက်လျှော၊ အူရောင်ငန်းဖျားတိုက်ဖွိုက်၊ ပါရာတိုက်ဖွိုက်တို့လို ရောဂါတွေကတော့ ဘတ်တီးရီး ယားပိုးကြောင့်ဖြစ်ရတဲ့ တိရစ္ဆာန်ကနေ တစ်ဆင့်လူသို့ကူးစက်တဲ့ ရောဂါများဖြစ်ပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါ (Avian influenza) အီဘိုလာရောဂါ (Ebola) နှင့် ခွေးရူးပြန်ရောဂါ (Rabies) တွေကတော့ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်ရတဲ့ တိရစ္ဆာန်ကနေ တစ်ဆင့်လူကိုကူးစက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ HIV -AIDS ခုခံကျကာလသား ရောဂါသည်ပင် ကနဦး အစကာလမှာ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တယ်ဆိုပြီး တွေ့ရှိခဲ့ကြပါတယ်။
ဝက်ကြိုးပြားသန်ကောင်၊ အမဲကြိုးပြားသန်ကောင်၊ ကပ်ပါးသန်ကောင် စတာတွေဟာ ဝက်သား၊ အမဲသားတို့ကို ကောင်းစွာကျတ်အောင်မချက်ဘဲ အစိမ်းစား၍ဖြစ်စေ မနူးခင်ဖြစ်စေစားမိသည့်အခါ ကပ်ပါးကောင်များအနေနဲ့ လူကိုကူးစက်ပါတော့တယ်။
အခုပြောပြတဲ့ ရောဂါတွေအပြင် နောက်ထပ်ရောဂါများစွာလည်း ရှိနေပါသေးတယ်။
တိရစ္ဆာန်ကနေ လူကိုကူးစက်သောရောဂါတွေကို ကာကွယ်ချင်တယ်ဆိုပါက တိရစ္ဆာန်အကိုက် မခံရအောင်ဂရုစိုက်နေထိုင်ပါ။ လက်သည်း၊ခြေသည်းတွေကနေ ခြစ်မိခြင်းမရှိအောင် ဂရုစိုက်ပါ။ တိရစ္ဆာန်တွေရဲ့ သွေး၊ တံတွေး၊ ခန္ဓာကိုယ်ကထွက်သောအရည်တွေနဲ့ တိုက်ရိုက်ထိတွေ့တာမျိုးကို ရှောင်ပါ။
တိရစ္ဆာန်အညစ်အကြေးတွေဖြစ်တဲ့ မစင်၊ နောက်ချေး စတာတွေကို ကိုင်တွယ်ရာမှာလည်း ဆင်ခြင် ကြပါ။ မွေးမြူရေးခြံကနေ ထွက်လာတဲ့ အမှိုက်သရိုက်အညစ်အကြေးတွေ ရေဆိုးတွေ ကိုလည်း ကောင်းကောင်းမွန်မွန် စွန့်ပစ်ပါ။
တိရစ္ဆာန်မွေးမြူရေးကနေ ထွက်လာတဲ့ အနံ့အသက် နဲ့ အမှုန်အမွှားတွေ ရှူရှိုက်ခြင်းကို လည်း ဂရုစိုက်ပါ။ လေဝင်လေထွက်ကောင်းအောင်စီမံပါ။ တိရစ္ဆာန်မွေးမြူရေးခြံများ အလင်းရောင် ရရှိရန် စနစ်တကျတည်ဆောက်ပါ။
တိရစ္ဆာန်မွေးမြူရေးခြံအနီးတဝိုက်မှာ ဒုက္ခပေးနိုင်တဲ့ အင်းဆက်ပိုးတွေ မပေါက်ဖွားနိုင်အောင် ပေါက်ဖွားခြင်းကိုထိန်းချုပ်ပါ။ ပြင်ပမှာ သဘာဝအတိုင်းနေတဲ့ ကျေးငှက်တိရစ္ဆာန်တွေနဲ့ မွေးမြူထားသောတိရစ္ဆာန်များ နီးကပ်စွာထိတွေ့ခြင်းကို တားဆီးပါ။
မွေးမြူရေးခြံမှာရှိတဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို အမြဲစောင့်ကြည့်ပါ။ ကျန်းမာရေးမကောင်းတဲ့ တိရစ္ဆာန်တွေကို အများနှင့်ရောယှက်မထားဘဲ သီးသန့်ဖယ်ရှားခွဲထားပါ။ ကပ်ပါးများဝင်ရောက်၍ တိရစ္ဆာန်များကို ရောဂါစွဲကပ်ကူးစက်နိုင်ခြင်းကို အမြဲသံသယဖြင့် စောင့်ကြည့်ရပါမယ်။
မြွေအန္တရာယ်ကဲ့သို့ ကြိုတင်ကာကွယ်ရမယ့် အစီအမံများချထားပေးပါ။ တိရစ္ဆာန်အစာများ အစာခြောက်များကျွေးမွေးပါက မပျက်ဆီးမပုပ်သိုးသော မှိုမတက်သော အစာများကိုသာ အသုံးပြုပါ။
မစင်ကနေ လူကိုကူးစက်တတ်သော ရောဂါများဖြစ်ပွားမှုကို မွေးမြူရေးခြံတွေမှာ အတွေ့ရတာကြောင့် မိလ္လာသန့်ရှင်းရေးကိုလည်း ဂရုပြုပြီး တိရစ္ဆာန်များကိုမစင်ကျွေးခြင်းအား ရှောင်ကြဉ်ပါ။
တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း တိုးတက်စေဖို့အတွက် တိရစ္ဆာန်ရောဂါကုသဆရာဝန်တွေရဲ့ အကြံဉာဏ် ကိုရယူပါ။
#မတော်တဆထိခိုက်မှုများ
မွေးမြူရေးလုပ်ငန်းအတွင်း အားအင်သုံးလုပ်ရသည့်အလုပ်များကြောင့် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုများကြုံရတတ်ပါတယ်။ ကိုယ်ကာယခွန်အားသုံးရတဲ့ အလုပ်တွေလုပ်ရတာ ကြောင့် အလေးအပင်မတဲ့အခါမှာ ခါးနာခြင်း၊ အကြောနာခြင်း၊ ကြွက်သားနာခြင်းနဲ့ အရိုးကျိုးခြင်း တွေကို ကြုံတွေ့ရတတ်ပါတယ်။
တိရစ္ဆာန်ခြံထဲမှာ ဖြူးရတဲ့ ထုံးမှုန့်၊ ဖွဲခွံ၊ အစာခြောက်၊ မစင်ခြောက်များ၊ ကြက်ဘဲအမွေးအတောင်တွေနဲ့ မွေးမြူရေးခြံကနေထွက်လာတဲ့ အမှုန်အမွှားတွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။
အခုလို ကျန်းမာရေးဘေးထွက်ဆိုးကျိုးများကို သိရှိထားပါမှ သတိထားဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံဉာဏ်ပေးလိုတာကတော့ မွေးမြူရေးလုပ်ငန်းနဲ့ နီးစပ်ကြသူတိုင်း မေးခိုင်ကာကွယ် ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး စသည်ဖြင့် ကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားကြပါ။
မွေးမြူရေးခြံအတွင်း သန့်ရှင်းရေးကို အလေးပေးဆောင်ရွက်ပါ။ မွေးမြူရေးခြံအတွင်းဝင်တဲ့အခါ လုံခြုံတဲ့ အဝတ်အစားတွေ၊ စိတ်ချရတဲ့နှာခေါင်းစည်းတွေ ဝတ်ဆင်ပါ။ မွေးမြူရေးခြံကနေ ထွက်ခွာရင် စနစ်တကျ လက်ဆေးခြင်း ရေချိုးခြင်း အဝတ်အစားလဲခြင်းတွေကို ပြုလုပ်ပါ။
မွေးမြူထားသောတိရစ္ဆာန်များအစုအပြုံလိုက် နာမကျန်းဖြစ်ခဲ့ရင် တိရစ္ဆာန်ဆေးကုဆရာဝန်များကို အကြောင်းကြားပါလို့ တိုက်တွန်းလိုပါတယ်။
ဧရာဝတီတိုင်မ်း မီဒီယာရဲ့ပရိသတ်များအားလုံးလည်း တိရစ္ဆာန်မွေးမြူရေးအသိကြွယ်ဝပြီး စားနပ် ရိက္ခာများ ပေါကြွယ်ဝပါစေ။ နောက်တစ်ပတ်မှာတော့ မုဒိမ်းမှုနှင့်ဆေးပညာ ကျန်းမာရေးဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်အားပေးကြည့်ရှုကြပါဦး။ ရွှင်လန်းကျန်းမာကြပါစေ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မွေးမြူရေးလုပ်ငန်းနှင့်ကျန်းမာရေး #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)