
ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အသေခံ ခံစစ်စခန်း ညောင်ကျိုးကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်သိမ်း ပိုက်လိုက်ကြောင်း သိရသည်။
ညောင်ကျိုးစခန်းကို ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကစဉ့်ကလျားထွက်ပြေးသွားပြီး မတ် ၁၃ ရက်နေ့တွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ညောင်ကျိုးကို စစ်ကူတွေပို့ပေမယ့် လမ်းမှာပိတ်ဆို့ထားတော့ အကူအညီမဖြစ်ဘူး။ အသုတ်လိုက် ထွက်ပြေးကြရင်း တပ်ပျက်နေတုန်း အသိမ်းခံလိုက်ရတယ်ကြားတယ်။ စက်တပ်လေထီးနဲ့ လေယာဉ် ပစ်ကူက မထိရောက်ဘူး။ ပွိုင့် 5 နဲ့ ပစ်ချနေတော့ ပစ်ကူကမထိ ရောက်ဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အင်အား ၃၀၀ ခန့်ရှိ ညောင်ကျိုးစခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့မှာ ကျောက်ဖူးချောင်းအတိုင်းထွက် ပြေးသွားပြီး အချို့တပ်ဖွဲ့ဝင်များမှာ ညောင်ခြေ ထောက်ဘက် ထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။
ညောင်ကျိုးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ညောင်ကျိုးစခန်းအနီးရှိ ချင်းကုန်းစခန်းသို့ သွား ရောက်ပူးပေါင်းကာ ပြန်လည်းခုခံနေသည့်အတွက် ချင်းကုန်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် လက်နက် ခဲယမ်းများကို AA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားကြောင်း သတင်းရင်းမြစ်က အသိပေးထားသော်လည်း ဧရာ၀တီတိုင်းမ် အနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
စစ်ကောင်စီက ညောင်ကျိုးစခန်းကျခါနီးတွင် ညောင်ခြေထောက်နှင့် အမှတ်(၆) ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ-၆) အတွင်းသို့ အမှတ်စဉ် (၈) စစ်သင်တန်းဆင်း သင်တန်းသားသစ် ၆၀၀ ခန့်ကို အင် အားဖြည့် စစ်ကူပို့ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့က ညောင်ကျိုးတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဥသျှစ်ပင်မှတစ်ဆင့် ပြည်မြို့နယ်အတွင်းသို့ ပြန် လည်သယ်ဆောင်လာပြီး ထိခိုက်ဒဏ်ရာရသူများကို ရွှေတောင်တပ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေး ရုံမဆံ့၍ ပြည်ဒကစနှင့် ပြည်မြို့နယ်ခန်းမတို့တွင် ခုတင်များထည့်ကာ ယာယီဆေးရုံဖွင့်လှစ်ကုသနေရ ကြောင်း ဒေသခံများထံက သိရသည်။
ညောင်ကျိုးစခန်း ကျသွားပြီဖြစ်သည့်အတွက် AA ၏ ထိုးစစ်မှာ ချင်းကုန်းမှတစ်ဆင့် ညောင်ခြေထောက်သို့ ဦးတည်နေပြီး ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်ကြသည့် ကပစ ၅၊ ကပစ ၆၊ ကပစ ၉ တို့ထံ ထိုး စစ်ရောက်ရှိလာမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ကာ မှော်ဘီအခြေစိုက် တပ်ရင်းများကိုပါ စစ်ကူအင်အားဖြည့် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
AA သည် တောင်ကုတ် တောင်ပုံကြီးစခန်းမှတစ်ဆင့် ပဲခူးတိုင်းအစပ် ပန်းတောင်းမြို့နယ်ထဲရှိ မိုးထိတောင်၊ ပုဂံကွဲ၊ နတ်တောင်တာဝါတိုင်ကုန်းနှင့် ယခု ညောင်ကျိုးခံစစ်စခန်းတို့ကိုပါ တိုက်ခိုက် သိမ်းယူခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူနှင့် စစ်တွေမြို့တို့ကိုပါ တပြိုင်နက်တည်း ထိုးစစ်ဆင် နေပြီး ဧရာဝတီ-ရခိုင်အစပ်၊ သာပေါင်းနှင့် ငါးသိုင်းချောင်းတို့တွင်လည်း စစ်ရေးတင်းမာလျက်ရှိကာ မကွေး-ရခိုင် အစပ် ငဖဲမြို့နယ်အတွင်းရှိ အမြောက်တပ်များကိုပါ ထိုးစစ်ဆင်လျက်ရှိသည်။
ပုံစာ – စစ်ကောင်စီတပ်ပြည်မြို့နယ်ခန်းမတွင် ယာယီဆေးရုံးပြုလုပ် ကုသနေရပုံ
#ပဲခူး #ပြည် #ပန်းတောင်း #ညောင်ကျိုး #ခံစစ် #စခန်း #AA #ပူးပေါင်းတပ် #သိမ်းပိုက် #Ayeyarwaddy_Times