ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

တိုက်ပွဲဖြစ်ပွားရာဒေသများရှိ အကျဉ်းထောင်အချို့တွင် စစ်ကောင်စီက အကျဉ်းသားများကို လက်နက် တပ်ဆင်၍ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ပါက တိုက်ခိုက်ရေးကိစ္စရပ်များတွင် ပါဝင်ရန် စေခိုင်းမှု များရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ မတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာဒေသများရှိ အကျဉ်းထောင်များမှ ရာဇဝတ်အကျဉ်းသားများကို ထောင်တွင်းခံစစ်ပြင်ဆင်ခြင်းအတွက် လက်နက်ကိုင် ကင်းစောင့်ခိုင်းခြင်း နှင့်တော်လှန်ရေးတပ်ဖွဲ့များမှ လာရောက်တိုက်ခိုက်ပါက စစ်သားများနှင့်အတူ ခုခံကာကွယ်ရန် စေခိုင်းခြင်းများ ပြုလုပ်နေ ကြောင်းသိရသည်။

“ပထမဦးဆုံးအနေနဲ့ သူတို့ရဲ့ဦးတည်ချက်ကတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးမှ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုအလွဲသုံးစားလုပ်တဲ့သူတွေ စည်းကမ်းဖောက်တဲ့သူတွေ စစ်ပြေးတွေကို ပြန်ခေါ်တာမျိုး ရှိတယ်။ ဒုတိယအဆင့်အနေနဲ့တော့ ရာဇဝတ်အကျဉ်းသားတွေထဲက နှစ်ကြီးသမားတွေကို လက်နက် ပေးကိုင်ပြီးမှ ထောင်ကိုလာတိုက်ခဲ့ရင် စစ်တပ်နဲ့အတူခုခံတိုက်ခိုက်မယ့်သူတွေအဖြစ် အသုံးပြုနေတာ တွေ့ရပါတယ်” ဟု PPNM မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗန်းမော် နှင့် မိုးညှင်းအကျဉ်းထောင်များမှ အကျဉ်းသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ခံစစ်ကိုပူးတွဲလုပ် ဆောင်ခိုင်းထားခြင်းဖြစ်ကြာင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် အကျဉ်းသားများကို တိုက်ပွဲတွင် လက်နက်တပ်ဆင် အသုံးပြုခြင်းများကို ပြီးခဲ့သည့် ကရင်နီ တစ် လေးလုံးစစ်‌ဆင်ရေးအတွင်း လွိုင်ကော်‌ထောင်တိုက်ပွဲတွင် ပြုလုပ်ခဲ့ပြီး ဗိုလ်အဆင့်မှ ထောင်ကျစစ်သားများကို ပြစ်ဒဏ်ဖျက်သိမ်း ပေးမည်ဆိုကာ မူလရာထူး(ယာယီ)ပေး၍ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခိုင်းခြင်းများ ရှိခဲ့ဖူးကြောင်း PPNM ထံက သိရသည်

“တချို့ကလည်း နှစ်များစွာကျမယ့်သူတွေအတွက်က ဒီလိုတစ်ပွဲ နှစ်ပွဲ ဝင်တိုက်ပြီး သူတို့အသက်ရှင်ရင် လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက် ရွေးချယ်ကြတာရှိသလို အချို့လွတ်ခါနီးသူတွေကျတော့လည်း ဒါမျိုးကိုမရွေးချယ်ချင်ကြဘူး။ သို့သော်လည်း အမိန့်ပေးလာတဲ့အခြေအနေမှာ မဖြစ်မနေလုပ်ကြရတာ မျိုးရှိပါတယ်” ဟု ရာဇဝတ်အကျဉ်းသားများ၏ အခြေအနေနှင့်ပတ်သတ်၍ ကိုသိုက်ထွန်းဦးက ဆက်လက် ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ ပြစ်ဒဏ်ကျစစ်ကောင်စီအဖွဲ့များကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် တိုက်ပွဲတွင် ပါဝင်ခိုင်းခြင်းများ၊ ရာဇဝတ်အကျဉ်းသားများကို သုံးကာ ခံစစ်ပြင်ဆင်ခြင်းများသည် တရားမဝင် လုပ်ရပ်များ ဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း PPNM ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အင်တာနက်

#အကျဉ်းထောင် #စစ်ကောင်စီ #ရာဇဝတ်သားအကျဉ်းသား #လက်နက်တပ်ဆင် #PPNM #Ayeyarwaddy_Times