
ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခဲ့သည့်အတွက် ရွာလုံးကျွတ်မီးလောင်ပြာကျသွားကြောင်း သိရသည်။
စစ်ကောင်စီသည် စလင်းရှိ နေပူခံရွာနှင့် ကျပင်းမြောက်ရွာတို့ကို ယမန်နေ့ ၁၂ရက်နေ့ ညပိုင်းမှစတင်၍ ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးမှုကြောင့် အိမ်ခြေ ၁၀၀ ခန့်ရှိ နေပူခံရွာမှာ ယနေ့ မတ် ၁၃ရက်နေ့ နံနက်ပိုင်းတွင် တစ်ရွာလုံး မီးလောင်ပြာကျသွားပြီး ကျပင်းမြောက်ရွာမှာလည်း ပျက်စီးမှုများပြားကြောင်း သိရသည်။
“ကျပင်းကို ၉ ရက်နေ့ကတည်းက ဗုံးကြဲထားတော့ စစ်ကြောင်းဝင်လာနိုင်တယ်ဆိုပြီး ဒေသခံတွေက ပြေးဖို့ပြင်ထားကြတာပါ။ နေပူခံကတော့ တစ်ရွာလုံး ရစရာမရှိတော့ဘူး” ဟု မကွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် စလင်းရှိ သီပင်စုရွာကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း ဧရာ၀တီတိုင်းမ်၏ သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီတပ် အင်အား ၂၀၀ခန့်သည် ပြီးခဲ့သည့် မတ် ၉ရက်နေ့မှစ၍ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ၎င်းတို့သည် စလင်းအခြေစိုက် ခမရ ၂၅၃၊ ခမရ၂၅၄၊ ခမရ ၂၅၅တ်ရင်းများမှ ထုတ်နှုတ်အင်အားများဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ချောင်းဖြူ၊ သရက်ချဉ်၊ စည်ဆွဲ၊ ကံဆွယ်၊ မကျည်းစင်စသည့် ကျေးရွာများ စစ်ကြောင်းထိုးခံရပြီး ဒေသခံ ၈၀၀၀ နီးပါး စစ်ဘေးရှောင်နေရသည်။
စစ်ကောင်စီက စလင်းမြို့နယ်အတွင်းကို သံချပ်ကာ တိုက်ခိုက်ရေးယာဉ် နှစ်စီးအပါအဝင် စစ်အင်အား အပြည့်ယာဉ်တန်းများပါ ပို့ဆောင်၍ စစ်ရေးပြင်ဆင်လာပြီး ပြီးခဲ့သည့် မတ် ၉ ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျပင်းရွာကို Mi-35 ရဟတ် ယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ အင်အား ၂၀၀ ပါစစ်ကြောင်းသည် ကျပင်းတောင်ရွာ မယ်နံ့သာကုန်း၊ ကျပင်းမြောက်ရွာ ကြက်ရိုးတောင်ကုန်းနှင့် အထက ခွဲ စာသင်ကျောင်းတို့တွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီတပ်၏မီးရှို့ခံရသည့် နေပူခံရွာနှင့် ကျပင်းမြောက်ရွာ
#စလင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #ရွာမီးရှို့ #မီးလောင်ပြာကျ #Ayeyarwaddy_Times