
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားနိုင်ငံသို့ သွားရောက်၍ သမ္မတပူတင်နှင့် တွေ့ဆုံကာ ပူးပေါင်းစီစဉ်နေသော ထား၀ယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စသည် ဒေသခံများအတွက် ဆိုးကျိုးများသာ သက်ရောက်နိုင်ပြီး လက်ရှိမြေပြင်အရဖြစ်နိုင်ချေမရှိကြောင်း ဒေသတွင်း အရပ်ဘက် အဖွဲ့ထံက သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက် စက်ရုံများပါဝင်သော စီမံကိန်းကို ရုရှားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သလို စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်တွင်လည်း သမ္မတပူတင်နှင့် တွေ့ဆုံစဉ် ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့အကျိုးစီးပွားအတွက် အဆိုပါစီမံကိန်းကို ရုရုားနှင့် ပူးပေါင်းလုပ်ခြင်းဖြစ်ပြီး ယင်းနေရာသည် ထားဝယ်လူမျိုးတို့အတွက် အမျိုးသားရေး အမှတ်လက္ခဏာနေရာ၊ မူလဘူတ နေရာလည်းဖြစ်ကြောင်း ဒေသတွင်း Magga Initiative အဖွဲ့၏ ဒါရိုက်တာ မစုစုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဒေသခံတွေရဲ့ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာကိစ္စတွေမှာ နောက် ဆက်တွဲ ဆိုးကျိုးသက်ရောက်မှု များမယ့်စီမံကိန်းပဲ ဖြစ်တယ်။ ဆိုတော့ဒါကို အကောင်အထည် ဖော်ဖြစ်ခဲ့မယ်ဆိုရင် ထားဝယ်လူမျိုးတွေရဲ့ မူလဘူတဖြစ်တဲ့ ဇစ်မြစ်ဟာ လုံးဝ ပျောက်ကွယ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ ပူးတွဲအကောင်အထည် ဖော်ခဲ့သော်လည်း မြေယာသိမ်းဆည်းမှု၊ ဒေသခံဌာနေ တိုင်းရင်းသားများအား နေရပ်စွန့်ခွာရန် ဖိအားပေးမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဂတိလိုက်စားမှုများ ကြောင့် ရပ်ဆိုင်းသွားကြောင်း သိရသည်။
ယင်းနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည် အကောင် အထည်ဖော်ရန်အတွက် ရုရှားနိုင်ငံနှင့် စာချုပ်ချုပ်ဆို ကြိုးပမ်းလာခြင်းဖြစ်ပြီး တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများ ၁၁ ဖွဲ့တို့က အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း ယခုရက်အတွင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိမြေပြင်၌ ထိုစီမံကိန်း ဖော်ဆောင်မည့် နေရာဧရိယာတွင် အာဏာသိမ်း စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်မှု များကြောင့် စီမံကိန်းစတင်ရန် ဖြစ်နိုင်ချေ မရှိကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့ဖြစ်သော Magga Initiative အဖွဲ့ထံက သိရသည်။
စစ်ကောင်စီကမူ စစ်ရှုံးလာသည်နှင့်အမျှ ၎င်းတို့၏အာဏာ သက်ဆိုးရှည်ရေးအတွက် ရည်ရွယ်ကာ အထူးစီးပွါးရေးဇုန် သုံးခုအနက်မှ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ကို ရုရှား၊ တရုတ်နှင့် ပူးတွဲဖော်ဆောင်ရန် စီစဉ်နေသလို သီလဝါအထူးစီးပွါးရေးဇုန်တွင် ရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်လျက် ရှိသည်။
ယင်းအပြင် အထူးစီးပွားရေးဇုန်များကို ကိုင်တွယ်ရန်အတွက် ၎င်းတို့၏ လူယုံတော်များအား ခန့်အပ် ထားသလို ပြည်တွင်းပြည်ပကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလာစေရန် ရည်ရွယ်၍ လက်နက်ကိုင်ခွင့်ရှိ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကိုလည်း လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
#စစ်ခေါင်းဆောင် #ရုရှားနှင့်ပူးပေါင်း #ထားဝယ်စီမံကိန်း #ဒေသခံများ #ဆိုးကျိုးသက်ရောက် #Ayeyarwaddy_Times