
ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများ နှင့် တိုင်းရင်းသား ပြည်သူများအတွက် ဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို Nareasuan University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ Nareasuan University သည် ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က ဒေါက်တာနော်စင်သီယာမောင်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ချီးမြှင့်ခြင်းအခမ်းအနားတွင် ထိုင်းဘုရင့်နိုင်ငံ၊ ထိုင်းဘုရင့်တော်ဝင်မိသားစုမှ Princess Maha Chakri Sirindhorn ကိုယ်တိုင် လာရောက် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အာဆီယံဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းများအပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည့်အတွက် ယခုကဲ့သို့ ဘွဲ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း Nareasuan University က ဆိုထားသည်။
ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်သည် အာရှသူရဲကောင်းဆု အပါအဝင် ကျန်းမာရေး၊ပညာရေး နှင့် လူသားအကျိုး ပြုလူမှုထူးချွန်ဆုများစွာ ရရှိထားသူဖြစ်ပြီး ယခုကဲ့သို့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခံရသည့်အပေါ် ကရင်အမျိုးအသားအစည်းအရုံး(KNU) အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
#ဒေါက်တာစင်သီယာမောင် #မယ်တော်ဆေးခန်း #KNU #Ayeyarwaddy_Times