ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်

ဧရာ၀တီတိုင်း၊ အသုတ်မြို့တွင် မူးယစ်ဆေးဝါးများအလွယ်တကူ၀ယ်ယူရရှိနေပြီး ရောင်းချနေသူများကို ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“WYဆေးပြား တွေ လမ်းမှာ မုန့်၀ယ်စား သလို ရထားလမ်းက အိမ်တွေမှာပေါ်တင်ကိုရောင်းနေတာ ရဲကလည်း လိုင်းကြေးယူပြီးလွှတ်ပေးထားတယ်”ဟု မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အသုတ်မြို့မီးရထားလမ်းတွင်နေထိုင်သူအချို့မှ ရောင်းချနေပြီး အသုတ်မြို့ရဲစခန်းမှ လစဥ်လိုင်းကြေးယူကာခွင့်ပြုထားသောကြောင့် မြို့နေ လူငယ်များ မူးယစ်ဆေးစွဲမည်ကို ဒေသခံများမှ စိတ်ပူပင်နေကြောင်း သိရသည်။

ဧရာ၀တီတိုင်းရှိမြို့နယ်များတွင် မူးယစ်ဆေးဝါးရောင်းချမှုများကို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များမှ စီမံချက်နှင့်ဖမ်းဆီးနေသော်လည်း များစွာရောင်းချနေသူများကို ဖမ်းဆီးခြင်းမတွေ့ရပဲ၊ အနည်းငယ်၀ယ်ယူသုံးစွဲလူငယ်များကို ဖမ်းဆီးနေကြောင်း ဒေသခံများကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များသည့်အပြင် လိုင်းကြေးယူမှုများကြောင့် မူးယစ်ဆေးဝါးရောင်းချမှုအပါအ၀င် လောင်းကစားမှုနှင့်ဒုစရိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

#အသုတ်မြို့ #မူးယစ်ဆေးဝါးများ #ရောင်းချနေ #ဖမ်းဆီးအရေးယူခြင်းမရှိ #Ayeyarwaddy_Times