
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲသည့်အခါ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးလိုသော အတွေးအခေါ်မျိုး မထားရှိသင့် သလို သမိုင်းစဉ်ဆက်မျှတမှုလည်း မရခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားသည်။
(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ မတ် ၁၃ ရက်တွင် PNLO/PNLA နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)တို့က ကျင်းပခဲ့ကြပြီး အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်ခွန်သူရိန်က ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့သည်။
“တကယ်လို့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ အတွေးအခေါ်ကို ကြိုက်နှစ်သက် နေသေး တယ်ဆိုရင် အာဏာရှင်စနစ် လုံးဝအမြစ်ပြတ်တာကို မကြိုက်သေးဘူးဆိုတဲ့ သဘောဆောင်တာပဲ ဖြစ်ပါတယ်။ သမိုင်းကို ကြည့်မယ်ဆိုရင် ဘယ်တော့မှ မျှတမှုမရခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အာဏာရှင်စနစ်ကိုလည်း မြွေပွေးခါးပိုက်ဆောင်သလို ဆက်ဖြစ်နေဦးမည်ဖြစ်၍ ယင်းအပေါ် တော်လှန်ရေးအင်အားစု အားလုံးကိုယ်စီ သတိချပ်နိုင်ရန်လိုကြောင်း အကြံပြုတိုက်တွန်းသည်ဟု PNLO/PNLA ဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်သူရိန်က ဆက်လက်ပြောသည်။
ယနေ့ ကျင်းပသည့် (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် PNLO/PNLA နှင့် PNFC တို့က အချက် ခုနစ် ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ လက်ကိုင်တုတ် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ကိစ္စကို ထည့်သွင်းဖော်ပြထားသည်။
PNO/PNA မှ စစ်ခရိုနီ နေဝင်းထွန်းအပါအဝင် စစ်ကောင်စီသည် ၄င်းတို့ ကိုယ်ကျိုးစီးပွားများ ကာကွယ်ရေး၊ စစ်ရာဇဝတ်မှုများ ဖုံးကွယ်ဖျောက်ဖျက်ရေး၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး တို့အတွက် ပအိုဝ်းပြည်သူများကို လူသားဒိုင်းနှင့် လက်ကိုင်တုတ်များအဖြစ် အသုံးချလျက်ရှိကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA တို့သည် ပအိုဝ်းအချင်းချင်း ကြားတွင်လည်းကောင်း၊ ပအိုဝ်းနှင့်ကရင်နီအပါအဝင် အခြားညီနောင်တိုင်းရင်းသားများကြားတွင် လည်းကောင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို နည်းမျိုးစုံဖြင့် ဖန်တီးရန် တိုက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ စစ်ကျွန်အဖြစ် နွံနစ်မခံလိုသူ ပအိုဝ်းပြည်သူများအနေဖြင့် စစ်ခရိုနီနှင့် စစ်အာဏာရှင်များ၏ နည်းမျိုးစုံ အသုံးချခံနေရခြင်းဘဝမှ သတိကြီးစွာထား၍ ရှောင်ရှားရုန်းထွက် ဆန့်ကျင်တော်လှန်ရန် အလေးအနက် တိုက်တွန်းကြောင်း PNLO/PNLA နှင့် PNFC တို့က ထုတ်ပြန်ပြောဆိုသည်။
လက်ရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်မှု တတိယတော်လှန်ရေးတွင် ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးကို လိုလားရယူသွားမည်ဖြစ်ပြီး ပအိုဝ်းလူမျိုး အချင်းချင်းကြားတွင်လည်း နိုင်ငံရေး နည်းလမ်း ညှိုနှိုင်းမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။
“ကျွန်တော်တို့ အချင်းချင်းကြား၊ မိသားစု ညီအစ်ကိုမောင်နှမတွေကြားမှာ နိုင်ငံရေး နည်းလမ်း ညှိုနှိုင်းမှုနဲ့ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးကို ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော်တို့ တတိယတော်လှန်ရေးရဲ့ ခန္တီမရည်မှန်းချက် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးမူကို အခြေခံ ဖွဲ့စည်းခဲ့သော PNO/PNA အနေဖြင့် စစ်အုပ်စုလက်ဝေခံ ပြည်သူ့စစ်ဘဝမှ အမြန်ရုန်းထွက်၍ ပအိုဝ်းအပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် ပြန်လည်ပူးပေါင်းဆင်နွှဲရန် PNLO/PNLA နှင့် PNFC တို့က ထပ်မံတိုက်တွန်း တောင်းဆိုထားသည်။
#တော်လှန်ရေးဆင်နွှဲ #စစ်ကောင်စီ #တွေ့ဆုံဆွေးနွေး #အတွေးအခေါ်မထားရန် #PNLOဥက္ကဋ္ဌ #Ayeyarwaddy_Times