ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

စစ်ကောင်စီက ရက်ရှည်ရုံးပိတ်ရက်နီးမှ ထုတ်ပြန်လိုက်သည့် မူဝါဒအပြောင်းအလဲကြောင့် PJ (ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ်) နှင့် OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်) ရှိသူများသည် ခွင့်ရက်စေ့၍ ပြည် တွင်းမှ ပြည်ပသို့ပြန်လည်ထွက်ခွာရာတွင် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

အေဂျင်စီအပါအဝင် မိမိအစီအစဉ်ဖြင့်ခွင့်ပြန်လာပြီး ပြန်လိုသည့် PJ နှင့် OWIC ကတ် ကိုင်ဆောင်ထားသူများသည် စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံ ရုံးပိတ်ရက်မပါဘဲ ၅ ရက်ကြိုတင်ကာ ခွင့်ပြုချက် လျှောက်ထားရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် ပိတ်ပင်ထားသော ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို မတ်လ ၂၀ ရက်နေ့မှစတင်ကာ အလုပ်သမားဝန်ကြီးဌာနထံတင်ပြထားသော အလုပ်ခေါ်စာများအလိုက် ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင်ပြည်ပမှ ခွင့်ဖြင့်ပြန်လာသူများသည် ယင်းထုတ်ပြန်ချက်များမထွက်ခင် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသူများ၊ ပြည်ပထွက်ခွာရန် ပြင်ဆင်လိုသူ အလုပ်သမားအနေဖြင့် အခက်အခဲများ ကြုံနေရကြောင်း အလုပ်သမားများထံမှ သိရသည်။

“ ဒီ ၁၆ ရက်နေ့ပြန်ဖို့လုပ်ထားတာ။ အခုတော့ပြန်ခါနီးမှ ပြန်ခွင့်လျှောက်ရမယ်ပြောလို့ ဘာလုပ်ရမလဲ မသိတော့ဘူး။ လေယာဉ်လက်မှတ်တွေဝယ်ပြီး အကုန်ပြန်ဆင်ပြီးနေပြီ။ အခုတော့ ဘယ်လိုလုပ်ရမလဲ မသိတောဘူး။ စီစဉ်ထားတဲ့အတိုင်းသွားရင် လေဆိပ်မှာ အစစ်ဆေးခံရမှာလား ဘာလားမသိဘူး ” ဟု ဂျပန်နိုင်ငံထွက်ခွာမည့်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ပြည်ပနိုင်ငံမှ အလုပ်ခွင့်ဖြင့်ပြန်လာသူများသည် ပြန်လည်ထွက်ခွာခွင့်ရရန်အတွက် ခွင့်ပြုချက် လျှောက်လွှာ၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ QWIC မိတ္တူ၊ သက်တမ်းရှိအလုပ်လုပ်ခွင့်ပါမစ်မိတ္တူ၊ အလုပ်ရှင်ခွင့်ပြုစာဖြင့် ပြည်ပသို့သွားလာခွင့်ရရှိရန် စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနထံ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့၏ Non-CDM ဝန်ထမ်းများနှင့် အများပြည်သူ ခရီး သွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် အတွက်ဟုဆိုကာ မတ် ၁၂ ရက်မှ ၁၆ ရက်နေ့အထိကို ၅ ရက်တာ ရုံးပိတ်ရက်ရှည်အဖြစ် သက်မှတ်ကြောင်း ထုတ်ပြန်ထား၍ PJ ကိုင်ဆောင်ကာ ပြည်ပပြန်လည်ထွက်မည့်သူများ အခက်အခဲကြုံတွေ့နေခြင်းဖြစ်သည်။

“ အလုပ်သမားစာချုပ်ချုပ်ပြီးသားသူတွေ၊ ကျွမ်းကျင်အဆင့်တွေ၊ ခွင့်ပြန်လာသူတွေအနေနဲ့ လေယာဉ်လက်မှတ်ကြိုဖြတ်ထားတာမလုပ်သင့်ဘူး။ ပြန်ထွက်ခွင့်ရဖို့ ခွင့်ပြုမိန့်ကျပြီးမှ လေယာဉ် လက်မှတ်ဖြတ်တာကောင်းတယ်။ ခွင့်ပြန်တွေကို ၅ ရက်ကြိုအကြောင်းရတယ်ဆိုပေမယ့် ကိုယ်လေယာဉ်စီးတဲ့နေ့မှာ ခွင့်ပြုချက်မရတာမျိုး ရှိနိုင်မယ် ” ဟု အလုပ်သမား အရေးကျွမ်းကျင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြည်ပထွက်ခွာခွင့်ပြုချက်စာရင်းများကို safe migration telegram channel တွင် ဖော်ပြမည်ဖြစ်ပြီး သက်ဆိုင်ရာလေဆိပ်များထံအကြောင်းကြားထားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ပုံစာ – တောင်ကိုရီးနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်ားများ ( ပုံဟောင်း)၊ စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန(ပုံဟောင်း)

#PJ #OWIC #ခွင့်ပြန်သူများပြန်ထွက်ခွင့်လျှောက်ရမည် #OWICကတ် #ရက်ရှည်ရုံးပိတ်ရက် #စစ်ကောင်စီ #မူဝါဒအပြောင်းအလဲ #အခက်အခဲကြုံတွေ့ #Ayeyarwaddy_Times