နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တွေ့ဆုံနေသူ တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းသည် ယမန်နေ့ မတ် ၁၁ ရက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းသည် စစ်ခေါင်းဆောင်၏ ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်အပြီးတွင် နေပြည်တော်သို့ လာရောက်၍ ၎င်းတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထို့သို့တွေ့ဆုံမှုသည် ခရီးစဉ်အပြီး အသေးစိတ် အခြေအနေကို မေးမြန်းရန် ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

“အခုတစ်ခေါက်ကတော့ ရုရှားနဲ့ ဘယ်လိုတွေ ပူးပေါင်း လုပ်ခဲ့တယ်။ မင်းအောင်လှိုင်က ရုရှားကနေ အကူအညီတွေ အများကြီးရခဲ့တယ်ဆိုပြီး ပြောတာကို အသေးစိတ် သိရဖို့ ရောက်ရှိလာတယ်လို့ ထင်ပါတယ်” ဟု မြန်မာအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ယင်းရုရှားခရီးစဉ်ကို မတ် ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့ပြီး ဘယ်လာရုစ်နိုင်ငံသို့လည်း ဝင်ရောက်ကာ ထိုနှစ်နိုင်ငံ သမ္မတများအပြင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ် မတိုင်ခင်က ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ဝန်ကြီးချုပ်အဆင့်ဖြင့်သာ တွေ့ဆုံခွင့်ရခဲ့သလို ၎င်း၏ လိုလားချက်ကို ပြည့်မီအောင် မလုပ်ပေးနိုင်သဖြင့် တရုတ်ထက် ရုရှားအား အားကိုးလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

“ကျွန်တော်ထင်တာကတော့ TNLA နဲ့ ဆက်ဆွေးနွေးမယ့်ကိစ္စ၊ နောက် AA နဲ့ ဆက်ဆံရေးကိစ္စ အဲဒါတွေ သီးခြားပြဿနာအနေနဲ့ သူတို့သီးခြားအစီအစဉ်နဲ့ တွေ့ဆုံလိမ့်မယ်လို့ ယူဆပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ သိပ်ပြီးတော့ ပါဝင်လိမ့်မယ်လို့ မထင်ဘူး” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီကမူ နေပြည်တော်သို့ မတ် ၁၀ ရက်က မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိလာပြီး ၎င်းတို့ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်လည်းကောင်း၊ မတ် ၁၁ ရက်တွင် စစ်ခေါင်းဆောင်နှင့်လည်းကောင်း သီးခြားတွေ့ဆုံခဲ့ကြောင်း ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

“ဒီကိစ္စက မထူးဆန်းပါဘူး။ တိန့်ရှီကျွန်း သွားနေကြပဲ။ ကျွန်မကြည့်တာတော့ စစ်ကောင်စီ၊ TNLA နဲ့ နယ်စပ်က EROs အဖွဲ့တွေကြားထဲမှာ စေ့စပ်ညှိနှိုင်းပေးဖို့ လုပ်နေတာတူတယ်” ဟု တရုတ်- မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတွေ့ဆုံမှုများအတွင်း ရွေးကောက်ပွဲကိစ္စ၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာ့ ငြိမ်းချမ်းရေးကိစ္စ၊ ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်ဂိုဏ်းကိစ္စအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် လက်ရှိအခြေအနေများအရ စစ်ကောင်စီက အလျှော့ပေးလာနိုင်ခြင်းရှိမည်မဟုတ်၍ စစ်ကောင်စီတပ် နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ၊ အာရက္ခတပ်တော် (AA) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများဆက်လက်ရှိနေလိမ့်မည် ဖြစ်ကြောင်း ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။

ဓာတ်ပုံ-စစ်ကောင်စီ
#တရုတ်အထူးကိုယ်စားလှယ်‌ #စစ်ခေါင်းဆောင် #လာရောက်တွေ့ဆုံမှု #ရုရှားခရီးစဉ် #အသေးစိတ်မေးမြန်းရန် #Ayeyarwaddy_Times