
ဧရာဝတီတိုင်းမ်
(ရေး)၊ မတ် ၁၂ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာထိပ်တွင် ကျေးရွာလမ်းကို ပိတ်ဆို့ကာ ကင်းစောင့် နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ မတ် ၁၁ ရက်နေ့က ရေးဘီလူးအဖွဲ့မှ သွား ရောက်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ခလရ-၃၄၃ တပ်ရင်းမှ စစ်ကောင်စီတပ်သား ရှစ် ဦးဝန်းကျင်ခန့်သည် ၎င်းတို့ ကျောက်များ ပုံကာပိတ်ဆို့ထားသည့် လမ်းပိုင်းမှဖြတ်သန်းသွားလာသည့် ဒေသခံများကို ရိက္ခာသယ်ယူခွင့် ကန့်သတ်ခြင်းများ ပြုလုပ်နေပြီး ရေးဘီလူးအဖွဲ့မှသွားရောက် တိုက်ခိုက်ရာတွင် ပြန်လည် ခုခံခြင်းပင် မပြုလုပ်နိုင်ဘဲ ထွက်ပြေးသွားကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရသည်။
“ကျေးရွာဖြက်သန်းသွားလာလမ်းကို ကျောက်ပုံနဲ့ပိတ်ဆို့ထားတာကြာပါပြီ။ သူတို့ကအဲ့မှာပဲနေတယ်။ ကားတွေ့ဝင်လာရင်ဖမ်းတယ်ပိုက်ဆံတောင်းတယ်။ ရွာသားတွေ ဆိုင်ကယ်နဲ့လာရင်လည်း ပါတဲ့ စားစရာယူတယ်။ ဒါကြောင့်ဝင်တိုက်တာ” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များကို ခေါင်းစဉ်တပ်၍ ဆန်သယ်ယူခြင်း၊ ဆီသယ်ယူခြင်းများ ပြုလုပ် နေသည့် ဒေသခံများကို ပိတ်ပင်ခြင်းများ ပြုလုပ်နေသည့်အတွက်လည်း ဒေသခံများမှာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
အာယုတောင်ရွာ အခြေစိုက် ခမရ-၃၄၃ တပ်ရင်းမှ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ကိုး ဦးသေဆုံးခဲ့ပြီး ၎င်းတို့ တပ်ရင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။
ဓာတ်ပုံ – ရေးဘီလူး
#ရေး #စစ်ကောင်စီကင်းစခန်း #ခမရ၃၄၃ #တိုက်ခိုက်ခံရ #ရေးဘီလူး #Ayeyarwaddy_Times