(ချင်း)၊ ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်

မြန်မာ – အိန္ဒိယနယ်စပ် လွတ်လပ်စွာ ဝင်ထွက်သွားလာခြင်းကြောင့် ဒုစရိုက်မှု ပိုမိုများလာကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ပြောဆိုချက်ကို မီဇိုရမ်ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

မတ် ၁၀ ရက်နေ့တွင် ကျင်းပသည့် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်တစ်ဦး၏ နယ်စပ်အရေးနှင့်ပတ်သက်၍ မေးမြန်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ပွဲကြောင့် ချင်းစစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမည်ဖြစ်သော်လည်း လွတ်လပ်စွာ သွားလာခွင့်ပြုခြင်းသည် ဆိုးကျိုးသက်ရောက်မှုများလာခဲ့သည်ဟု မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

“စစ်ဒဏ်ကြောင့် ဒီဘက်ကိုရောက်ရှိနေကြတဲ့ ကျွန်တော်တို့ ညီအကိုတွေကို စောင့်ရှောက်ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်။မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ်။ ဒီလိုမျိုး လွတ်လပ်စွာဖြတ် သန်းသွားလာခြင်းကြောင့် ဆိုးကျိုးတွေဖြစ်ပေါ်စေတာ ကြောင့် မီဇိုရမ်ပြည်သူ တော်တော်များများကလည်း ဒီဟာ မကောင်းဘူးလို့ မြင်လာကြတယ်” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ပြောဆိုထားသည်။

အိန္ဒိယဗဟိုအစိုးရ၏ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာ ဝင်ထွက်သွားလာခြင်းကို ဖျက်သိမ်းလိုက်ခြင်းသည် လိုအပ်ချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့တွင်လည်း သဘောထားရှိကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

အလားတူ လတ်တလောတွင် မြန်မာနိုင်ငံရေး ပဋိပက္ခများကို တရုတ်နှင့် အမေရိကန်နိုင်ငံများက ပါဝင်လာခြင်းကြောင့် အိန္ဒိယအစိုးရအနေဖြင့် နယ်စပ်ဒေသများ၏ အခြေအနေများကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

“သိပ်မကြာသေးခင်က ကြိုတင်အသိပေးတာ မရှိဘဲ မီဇိုရမ်ပြည်နယ်ဆီ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လာရောက်လည်ပတ်မှုက အံ့အားသင့်စရာဖြစ်ခဲ့ရတယ်” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ပြောဆိုထားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံသား သတင်းထောက် Simone Clemente ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ လဲန်းပွီးလေဆိပ် စစ်ဆေးရေးဂိတ်တွင် သေနတ်ကျည်ဆံတချို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းလိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နှစ်နိုင်ငံ နယ်စပ်ဝင်ထွက်သွားလာခြင်းကို အိန္ဒိယဗဟိုအစိုးရက တင်းကြပ်ထားသည်။

#မြန်မာ #အိန္ဒိယနယ်စပ် #လွတ်လပ်စွာဝင်ထွက်သွားလာခြင်း #ဒုစရိုက်မှုများလာ #မီဇိုရမ်ဝန်ကြီးချုပ်
#Ayeyarwaddy_Times