ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ရာအိမ်မှူးတို့ပူးပေါင်းပြီး စစ်မှုထမ်းအကြောင်းပြ၍ ခြိမ်းခြောက်ကာ ငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီခန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်အောင်၊ ရပ်ကွက်စာရေးနှင့် ရာအိမ်မှူးများသည် ဖျာပုံမြို့ အမှတ် ၁၄ရပ်ကွက်တွင်နေထိုင်ပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူနေသည်ဟု ဒေသခံများကပြောသည်။

အမှတ် ၁၄ ရပ်ကွက်ရှိ ပြည်သူ့စစ်မှုထမ်းအကျုံးဝင်သည့် အသက် ၁၈နှစ်မှ ၃၅နှစ်
အတွင်းရှိ လူငယ် ၃၅၀ ကျော်ကို တစ်ဦးလျှင် သုံးသောင်းကျပ်တောင်းယူကြောင်း သိရသည်။ ထို့အပြင် နေအိမ်တွင်မရှိသည့် လူငယ်များအတွက်လည်း လစဥ်ကျသင့်ငွေကိုတောင်းယူနေပြီး ၁၄ ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၆၀၀ ကျော်ရှိကြောင်း ဒေသခံများကပြောဆိုသည်။

“စစ်မူထမ်းအတွက် ငွေကြေးများကောက်ခံပီး ကြီးပွားချမ်းသာနေကြတာ။ သူတို့ကတော့ စားသောက်သုံးစွဲနေပြီး ရပ်ကွက်ပြည်သူတွေမှာတော့ လစဉ်စားစရာမရှိပေမဲ့ သူတို့ကို ဆက်ကြေးလို့ပေးနေရပါတယ်။ တစ်လကို သိန်းရာကျော်ပီး ဝင်ငွေရရှိနေကြပါတယ်။ တစ်ယောက်မှအလုပ်အကိုင်မရှိပါဘူး”ဟု ဖျာပုံ မြို့နယ် ၁၄ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။

၎င်းတို့အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းအမှတ်စဥ်( ၁ )မှစတင်၍ ပြည်သူ့စစ်မှုထမ်းများအတွက်ဟုဆိုကာ ငွေတောင်းယူမှုများကို ပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းတွင်မပါဝင်သည့် နေအိမ်များကိုလည်း ကျပ်ငွေ နှစ်သောင်းတောင်းယူကြောင်း ဒေသခံများကပြောသည်။

ဧည့်စာရင်းဖြင့်နေထိုင်သည့် ဖျာပုံမြို့ မင်းရွှေဇင် ဆန်စက် အလုပ်သမားတန်းလျာများမှ အိ‌မ်ထောင်စု သုံးရာဝန်းကျင်မှာလည်း လစဉ် အိမ်ထောင်စု တစ်စုလျှင် တစ်သောင်းကျပ်မှ သုံးသောင်းကျပ်အထိ တောင်းယူကြောင်း ဒေသခံများထံကသိရသည်။

ထို့ပြင်ပြည်သူ့စစ်မှုထမ်းတစ်ဦးလျှင် ကျပ်ငွေ သိန်းတစ်ရာဖြင့် ငှားရမ်းရသည်ဟုပြောဆိုသော်လည်း အမှန်တကယ် ၎င်းတို့ထည့်လိုက်သည့် ပြည်သူ့စစ်မှုထမ်းအချို့မှာ ကျပ်ငွေ ဆယ်သိန်းဝန်းကျင်သာရရှိကြောင်း ဖျာပုံမြို့ခံများကပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်အောင်နှင့် ရာအိမ်မှူးအချို့မှာ ဖျာပုံမြို့ခံများမဟုတ်ဘဲ အမှတ် ၁၄ ရပ်ကွက်တွင် အိမ်ငှားနေထိုင်ခဲ့ကာ ပြီးခဲ့သည့် တစ်နှစ်ဝန်းကျင်က ဖျာပုံမြို့၊ ကျုံကူကျေးရွာသို့ ပြောင်းရွှေ့သွားသော်လည်း မြို့နယ်စစ်ကောင်စီမှ ၎င်းကိုတာဝန်မှ မရပ်နားဘဲ ပူးပေါင်း၍ ခိုင်းစားနေသည်ဟု မြို့ခံ၏ များ၏ပြောပြချက်အရသိရသည်။

ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကိုယ်ကျိုးအတွက်အသုံးပြုကာ ကြီးပွားချမ်းနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။

ဓာတ်ပုံ-၊ဖျာပုံမြို့ အမှတ် ၁၄ရပ်ကွက် စစ်ကောင်စီခန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်အောင်

#ဖျာပုံမြို့ #ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ပြည်သူ့စစ်မှု #ထမ်းအကြောင်းပြ #ငွေတောင်းယူ
#Ayeyarwaddy_Times