
(ချင်း)၊ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
ညဏ်များလည်ပတ်နိုင်ခြင်းမရှိသည့်အတွက် ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များတွင် ငွေသားရှားပါးလာကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များဖြစ်သည့် ပလက်ဝ၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက် မြို့နယ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီးနောက် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။
“ငွေသားရှားပါးလာတာ အဓိကပြဿနာက ဘဏ်တွေ လည်ပတ်တာ မရှိလို့ပါ။ ပြီးတော့ နီးစပ်တဲ့ဘဏ်တွေမှာ ငွေထုတ်ဖို့လည်း လမ်းခရီးတွေ မလွယ်ကူးတဲ့အခြေအနေမျိုးမှာ အခုလို ငွေသားတွေရှားပါးလာတာဖြစ်တယ်” ဟု မတူပီမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် ငွေသားထုတ်ရန် မကွေးတိုင်းအတွင်းရှိမြို့နယ်များမှ ဘဏ်များတွင် ထုတ်ယူရသည့်အတွက် လမ်းစရိတ် ကျပ်ငါးသိန်းမှ ကျပ်ရှစ်သိန်းကြားတွင် ကုန်ကျကြောင်းသိရသည်။
“ပလက်ဝမြို့နယ်ကနေ ဆောမြို့သွားဖို့ အသွားအပြန် ခရီးစရိတ် ရှစ်သိန်းကနေ ဆယ်သိန်းလောက် ရှိတယ်။ ဒါတောင်မှ နေ့တိုင်းသွားလို့ရတဲ့ ခရီးမဟုတ်ဘူး။ ကားကြုံရှိမှ သွားလို့ရတာပါ။ အဲလိုအခြေအနေမျိုးမှာ ငွေဆယ်သိန်း၊ ငါးသိန်း ထုတ်ဖို့ဆိုတာ မလွယ်ဘူး။ ခရီးစရိတ်နဲ့အကုန် ကုန်တယ်” ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် Wave pay နှင့် kpay ထုတ်ယူရာတွင် ဝန်ဆောင်ခအဖြစ် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားပေးရပြီး ထုတ်ယူလိုသည့်ပမဏအတိုင်း ထုတ်မပေးနိုင်ခြင်းနှင့် ငွေထုတ်ယူရန်အတွက် ရက်ချိန်းယူစောင့်ဆိုင်းရသည်ဟု ဆိရသည်။
ယခုကဲ့သို့ ငွေသားများ ရှားပါးလာသည့်အတွက် လူမှုရေး၊ စီးပွားရေး နှင့် အခြားအထွေထွေကိစ္စရပ်များ ဖြေရှင်းရာတွင် အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံများထံက သိရသည်။
“လူမူရေးကိစ္စတွေမှာ ငွေနဲ့ဖြေရှင်းရတာတွေရှိတယ်။ ဥပမာ သာရေး၊ နာရေးဖြစ်ဖြစ်ပေါ့။ အရင်ကဆို ခြံထွက်သီးနှံတွေဆိုရင်တောင် ဝယ်စားမယ့်သူတွေရှိတယ်။ ရောင်းရတယ်။ အခုဆို ဝယ်စားမယ့်သူတွေမရှိတော့ မရောင်းရတော့ဘူး။ အဲလိုအခက်ခဲတွေကြုံတွေနေရပါတယ်” ဟု လိုင်လင်းပီမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင်လည်း ယခုရက်ပိုင်း ငွေသားများ စတင်ရှားပါးလားပြီး Wave pay နှင့် Kpay ဆိုင်တွင် အကန့်သတ်ဖြင့်သာ ထုတ်ယူရကြောင်း သိရသည်။
#ဘဏ်များလည်ပတ်ခြင်းမရှိသည့်အတွက် #ချင်းပြည်နယ်တောင်ပိုင်း #ငွေသားများရှားပါး #ပလက်ဝ #မတူပီ #မင်းတပ် #ကန်ပက်လက် #Ayeyarwaddy_Times