
ဧရာဝတီတိုင်းမ်
(နွားထိုးကြီး)၊ မတ် ၁၁ ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်ခွာလာသည့် အင်အား ၂၀၀ ဝန်းကျင်ပါ တပ်မ-၁၀၁ လက်အောက်ခံ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီတပ်အရာရှိ ဗိုလ်မှူးဝင်းလှိုင်ဦး နှင့် ဗိုလ်ကြီးအောင်ကိုကိုတို့ အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီ စစ်ကြောင်းကိုတိုက်ခိုက်ရာတွင် လက်နက်ကြီး၊ လက်နက်ငယ် ၄၄ လက်၊ ၅.၅၆ ကျည် ၁၂၀၀၀ တောင့်၊ ၇.၆၂ ကျည် ၁၀၄၅ တောင့်၊ ၆၀-မမ၊ ၈၁ မမ ကျည်တောင့်များ၊ RPG ကျည်ဖူးများ၊ လက်ပစ်ဗုံးများအပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
တိုက်ပွဲအတွင်း နွားထိုးကြီးမြို့နယ်(ပကဖ) မှ ရဲဘော် နှစ် ဦးလည်း ကျဆုံးခဲ့ကြောင်း သိရပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ်(ပကဖ) နှင့် မဟာမိတ် ပူးပေါင်း အဖွဲ့များမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြာင်းလည်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ
#နွားထိုးကြီး #စစ်ကောင်စီစစ်ကြောင်း #တိုက်ပွဲ #PDF #အရှင်ဖမ်းမိ #Ayeyarwaddy_Times