ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် NLD ပါတီ၏ လူငယ်တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ် ၉ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

ကျဆုံးသွားသူ ကိုချစ်ကိုသည် အသက်(၃၁)နှစ် အရွယ်ရှိပြီး ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ တာ၀န်ခံအဖြစ် ပါတီတာ၀န်များထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင်တက်ကြွစွာပါ၀င်ခဲ့သူလည်းဖြစ်သည်။

“ဧရာဝတီသားတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးနယ်မြေတွေမှာ ပါဝင်တိုက်ခိုက် နေကြတာပါ။ တိုးတိုးတိတ်တိတ်နဲ့ ကျဆုံးခဲ့ရတဲ့ ဧရာဝတီသား တော်လှန်ရေးရဲဘော်တွေ အများကြီးရှိပါတယ်။ ဧရာဝတီကို ပြန်ဖို့ကြိုးစားနေရင်း ကိုချစ်ကိုကို လည်း ကျဆုံးခဲ့ရတာပါ” ဟု ဧရာဝတီသား တော်လှန်ရေးရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုချစ်ကိုကို ( ခ ) ဘသော် ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီး၏ NLD ပါတီ တိုင်းလူငယ်လုပ်ငန်းအဖွဲ့က မတ်၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဧရာဝတီတိုင်းမ်သတင်းဌာနက ရရှိထားသည့် စာရင်းများအရ စစ်ကောင်စီကို တော်လှန်ရင်း ကျဆုံးသွားသည့် ဧရာဝတီတိုင်းသား ၂၀ဦးကျော်ရှိပြီဖြစ်သည်။

#စစ်ကောင်စီ #တော်လှန်နေသည့် #ငပုတောမြို့နယ် #NLD ပါတီ #လူငယ်တာဝန်ခံ #ကိုချစ်ကိုကို #ဘသော် #Ayeyarwaddy_Times