ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရင်းပညာရေးရပ်နားထားသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပေးသည့် ပြည်ပတက္ကသိုလ်များတွင် ပညာဆက်သင်ကြားရန် အတွက်လိုအပ်သော စာရွက်စာတမ်းများကို နိုတြီပြုလုပ်‌ပေးသူများ အဖမ်းခံရကြောင်း သတင်းရရှိသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သူ မကေဇင်ထွန်းအတွက် ဆေးပညာဆက်လက်သင်ကြားရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ယာယီဆေးပညာဘွဲ့ထုတ်ပေးထားခြင်းဖြစ်သည်။

အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ်ဖြင့် ဒူဘိုင်းမြို့တွင်ဆက်လက်ပညာသင်ကြားရန်လိုအပ်သည့် ဆေးပညာဘွဲ့လက်မှတ်နှင့်စာရွက်စာတမ်းများကို နိုတြီ ( သက်သေခံချက်) ပြုလုပ်ရာတွင် စစ်ကောင်စီကသိရှိပြီးဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အတွင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုတြီ ဌာနစိတ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရးမှူးအပါအဝင် ရုံးဝန်ထမ်းနှစ်ဦး၊ ရှေ့နေဦးလှဝင်းနှင့် နိုတြီဝန် ဆောင်မှုလုပ်ငန်းမှ သုံးဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အဆိုပါလက်မှတ်နိုတြီ( သက်သေခံချက်) ရရှိရန်အတွက် နိုတြီဝန်ဆောင်မှုလုပ်ငန်းလေးခုဖြင့်ဆက်သွယ်ချိတ်ဆက်ရကြောင်း စစ်ကောင်စီ ဖော်ပြချက် အရသိရသည်။

အဆိုပါဖြစ်စဉ်တွင်ပါဝင်သူ ဆေးပညာဆက်လက်သင်ကြားသူ မကေဇင်ထွန်းနှင့် နိုတြီပွဲစား မခိုင်ခိုင်တို့ တိမ်းရှောင်နေသည်ဟု စစ်ကောင်စီက ဖော်ပြထားသည်။

“ပြီးခဲ့တဲ့ရက်က MOFA မှာပညာရေးနိုတြီထောက်ခံချက်ပိတ်ထားတယ်။ အဲဒါဘာဖြစ်မှန်းမသိဘူး။ အဖမ်းခံရမှသိတယ်။ ပိုက်ဆံပေးပြီးလုပ်လို့ရတာကတော်သေးတယ်။ ဘာမှလုပ်မရတော့ရင်ခက်ပြီ။ အခုကာလက စကော်လားရှစ်လျှောက်ကြသူတွေများတယ်” ဟု ပြည်ပကျောင်းတက်ရန်ပြင်ဆင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဆေးတက္ကသိုလ် ( မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင် မောင်လွင်က Federal Sama များထုတ်ပေးထားကြောင်း လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်တွင်ကျောင်းလျှောက်ထားရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပေးထားသော ယာယီဆေးပညာဘွဲ့လက်မှတ်ကို နိုတြီပြန်ပေးသူ သုံးဦးဖမ်းဆီးခံရသေးသည်။

၂၀၂၂ ခုနှစ်တွင် CDM ပြုလုပ်ထားသူ အလုပ်သင်ဆရာဝန်တနှစ်ဆင်းပြီးသူများကို ယာယီဘွဲ့ လက်မှတ် Federal Sama လျှောက်ထားနိုင်ကြောင်း NUG အစိုးရ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ယာယီတက္ကသိုလ်ကောင်စီကထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားသော တက္ကသိုလ်အပါအဝင် ပညာကျောင်းများတွင်တက် ရောက်သူများကိုသိရှိပါက လျှို့ဝှက်သတင်း‌‌ပို့ရန် ခြိမ်းခြောက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#နိုတြီဝန်ဆောင်မှူပေးသူ #ဖမ်းခံရ #notary #NUG
#Ayeyarwaddy_Times