
ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို AAကထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်နေပြီး ဒရုန်းဗုံးများသုံး၍ စစ်ကောင်စီက တိုက်ခိုက်နေကြောင်း သိရသည်။
ယမန်နေ့ မတ် ၁၀ ရက်နေ့က ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကပ်သပြေရွာကို စစ်ကောင်စီက ဒရုန်းများသုံး၍ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရေတပ်နား ရွာကလူတွေအကုန်နီးပါးစစ်ဘေးရှောင်နေကြပါပြီ။ အိမ်စောင့်ကျန်တဲ့သူရယ် စစ်တပ်ကပိတ်ချလိုက်လို့ ပိတ်မိကျန်ခဲ့သူအချို့ပဲကျန်ခဲ့တော့တယ်။ လေကြောင်းကအဓိကတိုက်နေတာပေါ့နော်။ ဒရုန်းတွေတစ်ချိန်လုံးဝဲနေတာ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နံနက် ၁၁နာရီမှ နေ့လယ် ၃နာရီအထိ ဒရုန်းဗုံး ၁၀လုံးကျော်ကို ကပ်သပြေကျေးရွာအတွင်း ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် အလုံး ၂၀ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် စနဲတိုက်နယ်ဆေးရုံကို မနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီက ဒရုန်းနှစ်စင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒရုန်းဗုံးတစ်လုံးမှာ စနဲဆေးရုံ၏ ခွဲစိတ်ခန်းတည့်တည့်အပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ဆေးရုံအပြင်တွင်ပေါက်ကွဲခဲ့သော်လည်း ဆေးရုံမှာ တိုက်ပွဲများပြင်းထန်လာသည့်အချိန်ကတည်းက ပိတ်ထားသဖြင့် လူထိခိုက်မှုမရှိဘဲ ဆေးရုံနှင့် ခွဲစိတ်ခန်းတို့ပျက်စီးသွားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် AAတို့မှာ အပြန်အလှန်ထိုးစစ်ဆင်နေကြပြီး စစ်ကောင်စီက စစ်ကြောင်းထိုးစဉ် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကပ်သပြေ၊ ကြတ္တိန်၊ ရှောက်ချောင်း၊ စီမော်ကျေးရွာတို့တွင် စစ်ကောင်စီက ဒရုန်းဗုံးကြဲချခြင်းနှင့် မြေပြင်တွင်စစ်ကြောင်းထိုးမီးရှို့ခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- APM
ပုံစာ- ကပ်သပြေနှင့်စနဲကို စစ်ကောင်စီဒရုန်းဗုံးကြဲချတိုက်ခိုက်ထားစဥ်
#ကျောက်ဖြူ #စစ်ကောင်စီ #ဒရုန်းဗုံးသုံး #တိုက်ခိုက် #Ayeyarwaddy_Times