
ဧရာဝတီတိုင်းမ်
မတ် ၁၁ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေအနီးထိ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီစခန်းအချို့ တပ်ဆုတ်ပြေးကြောင်း သိရသည်။
ဝါဘိုနှင့် ကင်းမော်ကျေးရွာတို့ရှိ စစ်ကောင်စီတပ်များနှင့် AAတို့ ပြီးခဲ့သည့် မတ် ၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွင်းထိ တပ်ဆုတ်ပြေးရကြောင်း ဒေသခံများထံမှ သိရသည်။
“တပ်စခန်းတွေနောက်ဆုတ်ပေးရတယ်။ ဗျူဟာစခန်းအဖြစ်စစ်ရေးတိုးမြှင့်ထားတဲ့ ရွှေမင်းဂံဘက်ကို စစ်ရေးကဦးတည်နေတယ်။ စစ်တပ်က လက်နက်ကြီးတွေ အတွဲလိုက်ဒုံးတွေနဲ့ ရမ်းပစ်နေတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
AA ၏ ထိုးစစ်မှာ ရွှေမင်းဂံရေတပ်စခန်းအနီးထိရောက်ရှိလာပြီး ပါဒလိတ်နှင့် အမြင့်ကျွန်းစခန်းများကိုပါ ယမန်နေ့ မတ် ၁၀ရက်နေ့တွင် AA က ထိုးစစ်ဆင်နေကြောင်း သိရသည်။
ရွှေမင်းဂံရေတပ်စခန်းအနီးရှိ သုံးဆောင်ရွာ၊ ဇော်မဒတ်နှင့် ချောင်းနွယ်ရွာတို့တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်ကာ ဗျိုင်းဖြူရွာနှင့် အနီးကျေးရွာများတွင် ပူးပေါင်း ခံစစ်ပြင်နေကြောင်း သိရသည်။
ယနေ့ မတ် ၁၁ရက်နေ့တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက နေ့လယ် ၁နာရီ ၅၄မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း ရခိုင် ဒေသတွင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထို့အပြင် စစ်တွေအခြေစိုက် ခလရ- ၂၃၂ မှ နေ၍ အတွဲလိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ရာ ပုဏ္ဏားကျွန်း ဦးရာဇ်တောင်စေတီအနီး လယ်ကွင်းအတွင်း ဗုံးသီး လေးလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်တွေမြို့အတွင်း ပိတ်မိနေသည့် ဒေသခံ သောင်းချီ ရှိနေဆဲဖြစ်ပြီး AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးသူများကို စစ်ကောင်စီက ဖမ်းဆီးပစ်ခတ်မှုများပြုလုပ်ကြောင်း သိရသည်။
စစ်တွေမြို့အတွင်းရှိ တပ်ရင်းဌာနချုပ်များထံ လက်နက်နှင့် ခဲယမ်းများကို စစ်ကောင်စီက ရေယာဉ်ကြီးငယ်များ၊ စစ်တပ်ပိုင်လေကြောင်းလိုင်းတို့မှတစ်ဆင့် ပို့ဆောင်နေပြီး
လူအင်အားလိုအပ်ချက်အတွက် စစ်တွေမြို့နယ်အတွင်းရှိ မူဆလင်ကျေးရွာနှင့်ဒုက္ခသည်စခန်းများတွင်ရှိနေသည့် မူဆလင်လူငယ် ရာကျော်ခန့်ကို စစ်သင်တန်းပေးလျက်ရှိသည်။
စစ်တွေမြို့ရှိ အမြောက်တပ် အမတ ၃၇၃ကိုလည်း နှစ်ထပ်ဘန်ကာများဆောက်လုပ်ကာ ခံစစ်အထူးပြင်ဆင်ထားကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်
#စစ်တွေ #ရွှေမင်းဂံရေတပ်စခန်း #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #တပ်ဆုတ် #Ayeyarwaddy_Times