
ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် LGBT တစ်ဦးဖြစ်သူ စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်ခဲ့ပြီး နာရေးကို မဲဆောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာရေးဆရာမ စောဟန်နွေဦးသည် အသက် ၂၈ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူနေရာမှ ယမန်နေ့ မတ် ၉ ရက်၊ ညပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
“တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောရမှာပဲ။ သူဟာ သူ့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ရင်၊ ထိခိုက်လာရင် ဘယ်သူကိုမဆို ပြန်ပြီးတော့ အမှန်တရားအတွက် ရင်ဆိုင်ရဲတယ်” ဟု ၎င်းနှင့် ခင်မင်ရင်းနှီးသူ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်တိုင်းရင်းသားဖြစ်သော စောဒယ်နီရယ်လင်းအောင် (ခ) စောဟန်နွေဦးသည် မယ်တော်ဆေးခန်း၌ လအတော်ကြာတိုင် ဆေးကုသနေရင်း ကွယ်လွန်သွားခြင်းဖြစ်သည်။
“အစော” ဟု လူသိများသော စာရေးဆရာမ စောဟန်နွေဦးသည် LGBT အရေး တက်ကြွစွာ လှုပ်ရှားသူလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာတွင် စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် စစ်ကောင်စီက လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ပြန်လည် လွတ်မြောက်လာပြီးနောက် သူမ၏ ခံယူချက်အား အကောင်အထည်ဖော်ရန် လွတ်မြောက်နယ်မြေသို့ သွားရောက်ကာ တော်လှန်ရေး၌ ဆက်လက်ပါဝင် လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။
” နွေဦးတော်လှန်ရေးမှာ LGBT ဆိုတဲ့ ဖြစ်တည်မှုနဲ့ ရရာကဏ္ဍကနေ အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ခဲ့တယ်။ ကရင်နီမှာ တိုက်ပွဲဖြစ်တော့ လွိုင်ကော်ရှေ့တန်းအထိ လိုက်ခဲ့တယ်” ဟု မိသားစုသဖွယ် နေထိုင်သူ ရဲဘော်
တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စာရေးဆရာမ စောဟန်နွေဦး လိုက်ပါသွားပြီး ရဲဘော်များကို စိတ်ဓာတ်ခွန်အား၊ ထောက်ပို့ခွန်အားများ ပေးစွမ်းခဲ့ကြောင်း သူမနှင့်ရင်းနှီးသည့်ရဲဘော်များက ပြောသည်။
“တိုက်ပွဲကြားမှာ ဂီတာတစ်လုံးနဲ့ ပင်ပန်းနေတဲ့ ရဲဘော်တွေကို ဖျော်ဖြေပေးခဲ့တယ်။ သူ့ရဲ့ လက်သံကောင်းကောင်း ဂီတာသံနဲ့ သူမအသံလေးဟာ တော်လှန်ရေးထဲမှာ သာယာစွာ ပျံလွင့်နေအုံးမှာပါ” ဟု ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ၎င်းကွယ်လွန်ခြင်းအား နှမျောတမ်းတဖြစ်ကာ ဝမ်းနည်းကြေကွဲရကြောင်းခင်မင်ရင်းနှီးသူများ၊ တော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားသူများက လူမှုကွန်ရက် စာမျက်နှာ များတွင် ရေးသားဖြန့်ဝေကြသည်။
#LGBT #စာရေးဆရာမ #စောဟန်နွေဦး #ကွယ်လွန်#နာရေး #မဲဆောက်တွင်ပြုလုပ် #Ayeyarwaddy_Times