
ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များ၊ စစ်တပ်နှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ ကြေညာချက်များကို စစ်တပ်ထောက်ခံသူများနည်းတူ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်စာများ အမြဲထုတ်ပြန်လေ့ရှိသည့်အဖွဲ့များက ယခုရုရှားပြန်ခရီးတွင်လည်း ဂုဏ်ယူကြောင်း ထုတ်ပြန်လာသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖိတ်ကြားချက်အရဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က စစ်အရာရှိအချို့နှင့် သက်ဆိုင်ရာ ဝန်ကြီးများကိုခေါ်ယူ၍ ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံများသို့ သွားရောက်ခဲ့ရာ မတ် ၉ ရက်နေ့က မြန်မာနိုင်ငံသို ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသည့် စစ်ခေါင်းဆောင်နှင့်အဖွဲ့ကို မြန်မာနိုင်ငံအတွက် အပြု သဘော ဆောင်သော ကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်ဟုဆိုကာ အနုပညာရှင်များ အပါအဝင် စစ်ကောင်စီ၏မည်သည့်လုပ်မဆို ထောက်ခံကြောင်း အမြဲထုတ်ပြန်လေ့ရှိသည့်အဖွဲ့များက ဂုဏ်ယူဝမ်းမြောက်ကြောင်း တညီတညာတည်းထုတ်ပြန်လာသည်ကို စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်၏ မြန်မာနိုင်ငံ ကဏ္ဍစုံဖွံဖြိုးတိုး တက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး၊ မြန်မာရှီအာယ်မွတ်စ်လင်မ် ဘာသာရေးအဖွဲ (ဗဟို)၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲချုပ်၊ လူမျိုး ပေါင်းစုံစည်းလုံးညီညွတ် ရေးနှင့် အကျိုးဆောင်အဖွဲ (ယာယီ)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ MSME (Cluster) ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲချုပ်တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင် လေယာဉ်ပေါ်မှ ဆင်းလာချိန်တွင် အနုပညာရှင်များနှင့် စစ်ကောင်စီထောက်ခံသူများ၊ စစ်တပ်လော်ဘီ ဝါဒဖြန့်သူများက ဦးခေါင်းကို ကုန်းညွှတ်၍ အလေးပြုကြိုဆိုနေကြသည့်ပုံများလည်း ထွက်ပေါ်လာသည်။
ယင်းခရီးစဉ်ကို ကြိုဆိုရန်အတွက် ရုံးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို မဖြစ် မနေလာရောက်ကြရမည်ဟုဆိုကာ လူစုဆောင်းထား ခြင်းဖြစ်ကြောင်း သိရပြီး ဝါဒဖြန့်ချန်နယ်များတွင်မူ ပြည်သူများမှ သောင်းသောင်း ဖြဖြ လာရောက်ကြိုဆိုကြကြောင်း ဖော်ပြထားသည်။
ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လာရောက်ကြိုဆိုကြရသူများကို တွေ့ရစဉ်
#စစ်ခေါင်းဆောင် #စစ်အရာရှိ #ဝန်ကြီးချုပ် #ရုရှား #ဘယ်လာရုစ် #အပြန်ခရီး #ကြိုဆိုဂုဏ်ယူ #ထုတ်ပြန် #Ayeyarwaddy_Times