အဆင်သင့် မဖြစ်သေးဘဲ ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအပေါ် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ စိုးရိမ်

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကဏ္ဍကောစ မလုပ်ဘဲ ပူးပေါင်းရန် ခြိမ်းခြောက်စကား ပြောလာပြီး လက်ရှိတွင် လူထုစိတ်ဝင်စားမှု မရှိသလို အဆင်သင့် မဖြစ်သေးဘဲ ကျင်းပလာမည့် စစ်ကောင်စီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများက စိုးရိမ်လာကြောင်း သိရသည်။

မဲစာရင်း အကြောင်းပြ၍ အာဏာသိမ်းခဲ့သည့် စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ကို ထောက်ခံကူညီနေသော ရုရှား၊ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ပြီး ယမန်နေ့ မတ် ၉ ရက်က နေပြည်တော်သို့ အပြန်ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ဝါဒဖြန့် မီဒီယာများကို ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ခိုင်ခိုင်မာမာ လုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အဲ့ဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲကို စစ်ရှုံးနေသည့် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ဟု ယူဆ သတ်မှတ်ထားပြီး အာဏာသိမ်းမှုအား ထောက်ခံကူညီနေသော တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ စသည့် နိုင်ငံများ၏ အကူအညီဖြင့် အဖြစ်သဘော လုပ်လာနိုင်ဟု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။

သို့သော် ပြည်သူလူထုသည် စားဝတ်နေရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ကိုသာ အဆင်ပြေရန် ဖြေရှင်းနေရသောကြောင့် ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိ၍ စည်းရုံးရေး ဆင်းသည့်အခါတွင် အခက်အခဲကြုံရကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စိန်ခေါ်မှုတွေက ရွေးကောက်ပွဲ မဖြစ်စေချင်တဲ့ကိစ္စ၊ နောက်ရွေးကောက်ပွဲအတွက် အဆင်သင့် မဖြစ်သေးတဲ့ အခက်အခဲတွေပေါ့။ အဲဒါတွေကြောင့် မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင် ပြည်သူ့မဲတွေက မှန်နိုင် ပါ့မလား။ မဲဝယ်မဲရောင်း ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်ကမူ ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို ယခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးပတ် (သို့မဟုတ်) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ဒုတိယအပတ်တွင် ကျင်းပသွားမည်ဟု ဘယ်လာရုစ် ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုသလို ယင်းမတိုင်ကလည်း ရွေကောက်ပွဲအား အပိုင်းလိုက် ပြုလုပ်မည်ဟု ဆိုထားသည်။

“အာဏာကို မတရားနည်းလမ်း၊ အကြမ်းဖက်နည်းနဲ့ ရယူထားတဲ့ လူတစ်ယောက်ရဲ့ ထွက်လာတဲ့ စကာမျိုးက ဘယ်လိုမှ တရားမဝင်နိုင်ဘူး။ သူဒီလို ပြောပိုင်ခွင့်လည်း လုံးဝမရှိဘူးဆိုတာပဲ ကျွန်တော်ပြောချင်တယ်” ဟု ကရင်အမျိုးသားအစည်းအရုံး-KNU ပြောခွင့်ရ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ခုခံတော်လှန်မှုများကြောင့် စစ်ကောင်စီက ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲသည် ဖြစ်နိုင်ချေ အလွန်နည်းပါးပြီး စစ်မဖြစ်သေးသော မြို့နယ် ၉၀ မြို့နယ်သာ ကျန်ရှိတော့သလို ထိုအရာမှာ နိုင်ငံတဝန်းရှိ မြို့နယ် ၃၃၀ ၏ ၂၇ ရာခိုင်နှုန်းသာရှိကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များထံက သိရသည်။

“အခုလိုသူပြောပြီး မကြာခင်မှာ ရွေးကောက်ပွဲ ဥပဒေ ထွက်လိမ့်မယ်လို့ မြင်တယ်။ ဘာလို့ဆို ရွေးကောက်ပွဲ ဥပဒေက အခုထိ မထွက်သေးဘူးလေ။ ဒါကလည်း ဘယ်လိုလာမလဲ မသိသေးဘူး။ သေချာတာ က ကျွန်တော်တို့အတွက် စိန်ခေါ်မှုပဲ” ဟု ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီများအနေဖြင့် လက်ရှိမြေပြင်အရ တိုင်းရင်းသား ဒေသများတွင်လည်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်မှု နည်းပါနေသလို ဥပမာ-ဒေါက်တာအေးမောင် ဆိုလျှင် ရခိုင်ပြည်နယ်တွင် ပါတီရုံးစိုက်၍ ရန်ကုန်တွင် နေထိုင်နေရကြောင်း နီးစပ်သူများက ဆိုသည်။

#စစ်ခေါင်းဆောင် #ပါတီစုံဒီမိုကရေစီစနစ် #ကဏ္ဍကောစ #ပူးပေါင်းရမည် #အဆင်သင့်မဖြစ် #ရွေးကောက်ပွဲ #နိုင်ငံရေးပါတီများ #စိုးရိမ် #Ayeyarwaddy_Times