ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ဧရာ၀တီတိုင်း ၊သာပေါင်းမြို့နယ်၊ မရမ်းကျင်းကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးသည် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ဒဏ်ရာရရှိခဲ့သဖြင့် မတ်လ ၈ ရက်နေ့ (ယနေ့) တွင် ပုသိမ်ဆေးရုံကြီးသို့ပို့ဆောင်ပြီး အရေးပေါ် ဆေးဝါးကုသနေရကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ မရမ်းကျင်းကျေးရွာတွင်နေထိုင်သော အသက် ၆၀ အရွယ်ရှိ ဦးမောင်မောင်အေး ဟု သိရပြီး မိုင်းပေါက်ကွဲ ဒဏ်ရာများကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

” သူ့တို့ရွာတောစပ်တွေမှာ စစ်တပ်က မိုင်းတွေ ထောင်ထားတာလို့တော့ သိရတယ်။ အဲ့လူနာရဲ့ဖြစ်စဥ်ကတော့ မေးခွင့်မရဘူး ဒဏ်ရာကတော့ ပြင်းထန်ပါတယ်။ ခြေထောက်နှစ်ဘက်လုံးထိသွားတာ လက်ရှိ သွေးသွင်းနေရတယ်”ဟုပုသိမ်ဆေးရုံ ၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သာပေါင်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AAပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ အတွင်းတိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ သဲဖြူ၊ ရွှေစင်အိုး၊မရမ်းကျင်း၊သာပေါင်းလေး၊ကျားခေါင်း၊သစ်ဝမ်းပူ၊ကမ်းနီဖျား ဘုရားတောင်စသည့် ကျေးရွာများတွင် ခံစစ်ပြင်ဆင်ထားကာ သစ်တောများအတွင်းတွင်မိုင်းများ ထောင်ထားကြောင်း ဒေသခံများမှပြောသည်။

မိုင်းများကြောင့်ကျေးရွာများရှိပြီးဒေသခံများနေ့စဥ် ထိတ်လန့်စွာနေထိုင်နေရပြီး လယ်ယာနှင့် သစ်တောတွင်းထင်းရှာသည့် အလုပ်များရပ်ဆိုင်းထားရကြောင်း သိရသည်။

မကျီးဇင်- သာပေါင်းကားလမ်းအနီးတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီမှ စက်တပ်လေထီးများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအချို့သည် သာပေါင်းမြို့နယ် ဇီးဖြူကွင်းနှင့်အောင်တပ် ကျေးရွာတို့တွင် စစ်ဘေးရှောင်နေကြကြောင်းသိရသည်။

#သာပေါင်းမြို့နယ် #စစ်ကောင်စီထောင်ထားသောမိုင်း #ရွာသားတစ်ဦးဒဏ်ရာရ #ပုသိမ်ဆေးရုံ
#Ayeyarwaddy_Times