
ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
ရာစုနှစ် တစ်စုကျော်ကြာ ကျင်းပလာသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ((International Women’s Day-IWD) အထိမ်းအမှတ်အဖြစ် ယခုနှစ် ဆောင်ပုဒ်တွင် အမျိုးသမီးများ တန်းတူညီမျှ ရေးအပါအဝင် စွမ်းဆောင်ရည်တိုးတက်မှုများလုပ် ဆောင်ရာတွင် အရှိန်မြှင့်တင်ရေး သတ်မှတ် ခဲ့ကြောင်းသိရသည်။
၂၀၂၅ ခုနှစ် အတွက် အမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “လုပ်ဆောင်မှုများကိုအရှိန်မြှင့်တင်ခြင်း ” (Accelerate Action ) ဖြစ်ပြီး အမျိုးသမီးများအပါအဝင် လူတိုင်းအတွက် တန်းတူညီမျှသော အခွင့်အရေး၊ အခွင့်အလမ်းများနှင့် လုပ်ပိုင်ခွင့်များကို ဖန်တီးပေးရန် ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် လူမှုဖူလုံရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် World Vision က မြန်မာနိုင်ငံရှိ မိန်းကလေးများနှင့် အမျိုးသမီးများအတွက် စီးပွားရေးအရ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ဖော်ဆောင်ခြင်း၊ ကလေးများကို ကျားမကွဲပြားမှုအပေါ် အခြေခံသော အကြမ်းဖက်မှု၊ အွန်လိုင်းမှ ခေါင်းပုံဖြတ်ခံရမှု၊ ကလေးအလုပ်သမားနှင့် ကလေးသူငယ်လက်ထပ်ခြင်းမှ ကာကွယ်ပေး ခြင်းတို့ကို အရှိန်အဟုန်မြင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အမျိုးသမီးခေါင်းဆောင်များနှင့်အတူလက်တွဲပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအပါ ပညာရေး၊ စီးပွားရေးအခွင့်အလမ်း၊ တရားမျှတမှုတွေရရှိရေး၊တန်းတူညီမျှမှုနှင့် စွမ်းဆောင်ရည် တိုးတက်စေရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ဥရောပသမဂ္ဂ (EU) ထုတ်ပြန်ချက် တွင်ပါဝင်သည်။
၁၉၀၈ ခုနှစ်တွင် နယူးယောက်မြို့ရှိ အလုပ်သမားအမျိုးသမီးများက အလုပ်ချင်းတန်းတူခွင့်၊ မဲပေးခွင့်နဲ့ လုပ်သားလုံခြုံမှုကို တောင်းဆိုသပိတ်မှောက်ရာမှ စတင်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အစပြုခဲ့ခြင်းဖြစ်သည်။
၁၉၁၀ ခုနှစ်တွင် ဂျမဏီနိုင်ငံမှ ဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကလရာ ဇက်ကင် (Clara Zetkin) ဆိုသူက အမျိုးသမီးများနေ့ကို အပြည်ပြည်ဆိုင်ရာအဖြစ် သတ်မှတ်ကျင်းပဖို့ ဆွေးနွေခဲ့ပြီး ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၁၁ မတ် ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည်။
ထို့နောက် ၁၉၇၇ ခုနှစ်တွင် ကုလသမဂ္ဂက မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများ၊ အောင်မြင်မှုများ နှင့် တန်းတူမှုတို့ကို ဂုဏ်ပြုခဲ့ကြသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ #IWD #လုပ်ဆောင်မှုများကိုအရှိန်မြှင့်တင်ခြင်း #AccelerateAction #Ayeyarwaddy_Times