
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်းကော့တို့က ၎င်းတို့အား ဒဏ်ခတ်ချမှတ်ထားသော နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု ဆန်ရှင်များကို ဂရုမစိုက်ဘဲ အတူတကွပူးပေါင်းကျော်လွှားသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံမှတစ်ဆင့် အာဏာရှင်ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သော အာဏာသိမ်း စစ်ခေါင်းဆောင် သည် ယင်းနိုင်ငံ၏ သမ္မတနှင့်အတူ ယမန်နေ့ မတ် ၇ ရက်က သီးသန့်တွေ့ဆုံ ဆွေးနွေး၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဆန်ရှင်လုပ်ပြီးတော့ ဖိအားပေးတယ် ဆိုတာမျိုးက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပဋိပက္ခသာ ပိုမိုကြီးမားလာစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းပြီး ဒါကိုရင်ဆိုင် ကျော်လွှားသွားပါမယ်” ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ထို့အပြင် အရေးယူပိတ်ဆို့မှု ဆန်ရှင်များ (Sanctions) နှင့် ပတ်သက်၍ ချိတ်ဆက်မှု မရှိသည့် “software” ဟူသော စကားလုံးအား အသုံးပြုကာ software များက အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီး ပြိုင်ဆိုင်မှုများ ပြင်းထန်လာစေမည်ကိုလည်း သတိပြုစေလိုကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်များ၊ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ အပေါင်းအပါတစ်စုကို စစ်ရာဇဝတ်မှု အပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည်တို့ကြောင့် နိုင်ငံတကာက ဆန်ရှင်များ ချမှတ်ခဲ့သည်။
ထို့အတူ ဥရောပ၏ “နောက်ဆုံး အာဏာရှင်နိုင်ငံ” ဟု သတ်မှတ်ခံထားရသော ဘယ်လာရုစ် နိုင်ငံသည်လည်း ၎င်းနိုင်ငံ၏ ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ လူကာရှန်းကော့က အတုအယောင် ပြုလုပ်၍ အာဏာဆက်သိမ်းကာ လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့သည်။
ယင်းအခြေအနေများအပြင် ယူကရိန်းအား ကျူးကျော်စစ် စတင်ခဲ့သည့် ရုရှားနိုင်ငံကို စစ်ရေးအကူအညီများ ပေးခဲ့သောကြောင့် ဘယ်လာရုစ်နိုင်ငံကို စစ်ကောင်စီနည်းတူ အရေးယူပိတ်ဆို့မှု ဆန်ရှင်များကို ဥရောပသမဂ္ဂ နှင့် အမေရိကန် စသည့် နိုင်ငံတို့က အသီးသီးချမှတ်ထားကြောင်း သိရသည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်းကော့ကမူ နိုင်ငံတကာ၏ ဆန်ရှင်များကို အခွင့်အလမ်းအဖြစ် သတ်မှတ်ထားပြီး ယင်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းရေး လုပ်ငန်းများကို ပိုမိုစည်းလုံးစွာ ဆောင်ရွက်ပါက ဖိအားများ ကျော်လွှားနိုင်မည်ဟု စစ်ခေါင်းဆောင်နှင့်အတူ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းအပြင် အာဏာသိမ်း စစ်ခေါင်းဆောင်ကို ကန့်ကွက်မှုများအပေါ် လျစ်လျူရှု၍ နိုင်ငံနှင့် ပြည်သူလူထုအား အကြောင်းပြကာ ကောင်းမည်ထင်သည့်အရာများကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ရန်လည်း အာဏာရှင်နိုင်ငံ ဘယ်လာရုစ်သမ္မတက အကြံပြုကြောင်း သိရသည်။
“အဆွေတော်အနေနဲ့ အကောင်အထည် ဖော်တဲ့အချိန်မှာ တချို့လူတွေက၊ မကြိုက်တဲ့ လူတွေကတော့ ရှိကောင်းရှိမှာပါ။ Sanctions တွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်သလို ကျွန်တော်တို့မှာ ရှိနေတဲ့ Sanctions တွေကလည်း ထပ်ပြီးတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဘယ်လာရုစ်သမ္မတ လူကာ ရှန်းကော့က ဆိုသည်။
လက်ရှိတွင် ၎င်းတို့ကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါနှင့် ဂျပန် စသည့်နိုင်ငံတို့က ဆန်ရှင်များ ချမှတ်ထားပြီး လူပုဂ္ဂိုလ်များ၊ စီးပွါးရေး လုပ်ငန်းများ၊ ပြည်ပခရီးသွားခွင့်၊ ဘဏ်အကောင့်များ၊ လက်နက်တင်ပို့မှုများနှင့် သယံဇာတ ဝယ်ယူမှုတို့ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- စစ်ခေါင်းဆောင်နှင့် ဘယ်လာရုစ်သမ္မတ
#စစ်ခေါင်းဆောင် #ဘယ်လာရုစ်သမ္မတ #နိုင်ငံတကာဆန်ရှင်များ #အတူတကွ #ပူးပေါင်းကျော်လွှားမည် #Ayeyarwaddy_Times