ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ စစ်အခြေခံတန်းမြင့်လေ့ကျင့်ကျောင်းမှ ထွက်ပြေးသည့် ပြည်သူ့စစ်မှု ထမ်းသင်တန်းသားအချို့ကို စစ်ကောင်စီတပ်က ရိုက်နှက် နှိပ်စက်ပြီး တိုက်ပိတ်ထားကြောင်း သိရသည်။

ပုသိမ်မြို့၊ ရွှေမြင်တင် အမှတ် (၆) စစ်အခြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၆)တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အဓမ္မစုဆောင်းခြင်း ခံထားရသည့် သင်တန်းသားအချို့မှာ သင်တန်းကာလအတွင်း ထွက်ပြေးကြပြီးနောက် ပြန်လည်ဖမ်းဆီးခံရပြီး ယခုလို ရိုက်နှက် နှိပ်စက်ပြီး တိုက်ပိတ်ခြင်းများ ခံနေရခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ပြေးချင်တဲ့ ကလေးတွေရှိတယ်၊ ဒါပေမယ့်ဘယ်လိုမှ ပြေးလို့မရဘူး လုံခြုံရေးတွေ အများကြီး စောင့်ကြတယ်။ ထွက်ပြေးလို့ ပြန်မိရင် သေအောင်ရိုက်တာ၊ ပြီးရင် တစ်ခါတည်းတိုက်ပိတ်ခံရတယ်။ နောက်လူတွေမလုပ်ရဲအောင် အကြောက်တရားနဲ့ စစ်တပ်ကလုပ်နေကြတာပါ”ဟု ပြည်သူ့စစ်မှုထမ်း တစ်ဦး၏ အစ်မဖြစ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိ တကက-၆ တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်နေရသည့် သင်တန်းသားအချို့ကို မိဘဖြစ်သူများက လာရောက်တွေ့ဆုံသော်လည်း စစ်ကောင်စီက တွေ့ခွင့်မပြုကြောင်း ပြည်သူ့စစ်မှု ထမ်းတစ်ဦး၏ မိဘဖြစ်သူထံက သိရသည်။

ပုသိမ်မြို့ တကက-၆ အတွင်း သင်တန်းပြီးဆုံးသည့် ပြည်သူ့စစ်မှုထမ်းများကို ရှေ့တန်းသို့ပို့ဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းအချို့ ထိခိုက်သေဆုံးမှုများရှိနေသလို လက်ရှိတွင်လည်း ပြည်သူ့စစ်မှုထမ်း အမှတ် ၁၀ကို ဆက် လက်၍ စစ်သင်တန်းပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်အတွင်းကလည်း ပုသိမ်မြို့ စစ်အခြေခံလေ့ကျင့်ရေးတပ် (၆ )မှ တပ်သားသစ်တစ်ဦးထွက်ပြေးရာ ပြန်လည်ဖမ်းဆီးမိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်‌ပြီး မြွေကိုက်သည်ဟုသတင်းလွှင့်ကာ မီးသင်္ဂြိုဟ်လိုက်ကြကြောင်း သိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုံစာ-ပုသိမ်မြို့ ရွှေမြင်တင် စစ်အခြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ်၆

#ပုသိမ် #စစ်အခြေခံလေ့ကျင့်ရေးကျောင်း #ထွက်ပြေး #ပြည်သူ့စစ်မှုထမ်းအချို့ #ရိုက်နှက်နှိပ်စက်တိုက်ပိတ်ခံရ #Ayeyarwaddy_Times