(ချင်း)၊ ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ် နှင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံက သိရသည်။

တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ CC အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ် (တီးတိန်) တပ်စခန်းကို မတ် ၅ ရက်နေ့ညနေပိုင်းမှ စတင်၍ ZRA က အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ကာ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

“အခု တုန်းဇန်ရွာက စခန်းမှာ CC ဘက်က ကားတွေနဲ့ အင်အားတွေဖြည့်တင်းနေတယ်။ ZRA ဘက်ကလည်း အင်အားအများပြားနဲ့ ရှိနေကြသေးတယ်။ တိုက်ပွဲက ဘယ်နေ့ ပြန်ဖြစ်ကြမလဲဆိုတာ မသိသေးဘူး။ နှစ်ဖက်အခြေအနေ စောင့်ကြည့်နေကြပြီး စစ်ရေးတင်းမာနေတဲ့အနေအထားပါ” ဟု တီးတိန်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယမန်နေ့ မတ် ၇ ရက်နေ့ကလည်း CC အဖွဲ့ဝင် ပူးပေါင်းတပ်များအင်အားဖြည့်တင်းရန်လာသည့် လမ်းတစ်လျှောက်တွင် မိုင်းပေါက်ကွဲသံ၊ သေနတ် ပစ်ခတ်သံများ အဆက်မပြတ် ကြားရသည်ဟု ဆိုသည်။

“မနေ့ကလည်း အင်အားဖြည့်ဖို့လာတဲ့ CC ကားတွေ မိုင်းဆွဲခံရတာလား။ တိုက်ခိုက်ခံရတာလား မသိဘူး။ အဝေးကနေ မိုင်းသံတွေ၊ သေနတ်သံတွေ ကျတော်တို့ ကြားနေရတယ်။ ဒီနေ့နဲ့ မနေ့ကတော့ စခန်းမှာ ပစ်ခတ်သံတွေမကြားရသေးဘူး။ လောလောဆယ်ငြိမ်နေတဲ့ အခြေအနေမျိုးမှာ ရှိနေပါသေးတယ်” ဟု တီးတိန်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတ်လ ၅ ရက် နှင့် ၆ ရက်နေ့ က ဖြစ်ပွါးသည့် တုန်းဇန်ကျေးရွာတိုက်ပွဲတွင် CC နှင့် ZRA တို့ နှစ်ဖက် ရဲဘော်များထိခိုက်ကျဆုံးမှုရှိကြောင်း သိရသည်။

တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ် သိရှိရန် CNA ပြောခွင့်ရ ဆလိုင်းထက်နီကို ဆက်သွယ်သော်လည်း ဆက်သွယ်၍မရရှိသေးပါ။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာရှိ PDA (တီးတိန်) ၏ ကာကင်းစခန်းငယ် တစ်ခုကို ZRA က အင်အား အလုံးရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ကလည်း တွန်းဇံမြို့နယ်၊ တွီးခိန်းကျေးရွာတွင် ZRA နှင့် CC အဖွဲ့ဝင် CDF-Tonzang တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

#တီးတိန်မြို့နယ် #CC #ZRA #တိုက်ပွဲဖြစ်ပွား #စစ်ရေးတင်းမာ #Ayeyarwaddy_Times