
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စစ်ကောင်စီက အကူအညီများကို ပိတ်ပင်ထားသဖြင့် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ ပြတ်လပ်နေပြီး စစ်ဘေးရှောင်သောင်းနှင့်ချီ၍ ခက်ခဲဒုက္ခရောက်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထံက သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင် သိန်းဂဏန်းခန့် ဆက်ရှိနေသေးပြီး ထိုအနက်မှ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီးနှင့် ဖယ်ခုံမြို့တို့ရှိ စစ်ဘေးရှောင် ပြည်သူသောင်းနှင့်ချီသည် ယင်းကဲ့သို့ ကြုံတွေ့ နေရခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က နေ့စားလိုက်၊ တောမှာ သစ်သီးဝလံ ဟင်းသီးဟင်းရွက် ဖွေရှာပြီးရောင်း စတာတွေလုပ်ရင်း စားဝတ်နေရေး ဖြေရှင်းကြတယ်။ စားနပ်ရိက်က္ခာ ပြတ်လပ်တဲ့အထိ ဖြစ်ကြပြီး ရရာနည်းလမ်းနဲ့ မသေအောင် ရှင်သန်နေကြရတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် မရှုမလှ စစ်ရှုံးလာသဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသလို နေရာတချို့တွင် ၎င်းတို့နှင့် နီးစပ်သူများကို ဦးစား ပေး၍ စစ်ဘေးရှောင် ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
အလားတူ ရှမ်းတောင်တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က စစ်ဘေးရှောင်များအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ ထောက်ပံ့ပေးခဲ့ပြီး အခြားအကူအညီများကိုမူ စစ်ကောင်စီက ဆက်လက် ၍ ပိတ်ပင်ထားကြောင်း သိရသည်။
“အထူးသဖြင့် ဆီဆိုင်ဒေသမှာ ရေရှားပါးတဲ့ ပြသာနာက နှစ်စဉ်ပါဘဲ။ သောက်ရေအပြင် သုံးရေပါ နွေရာသီရောက်ရင် ခက်ခဲကြတယ်။ ခုဆီဆိုင်မြို့ပေါ်တစ်ဝိုက်က စစ်ဘေးရှောင်တွေဆိုရင် ရေအလှူရှင် ကိုပဲ မှီခိုအားထားနေရတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအခြေအနေများကို ကား၊ ဆိုင်ကယ်ရှိသူ စစ်ဘေးရှောင်များက ရေအရင်းအမြစ်ရှိရာ နေရာများထိ သွားကြ၍ တောရွာဘက်တွင်မူ ကျန်ရှိနေသေးသော ရေတွင်းများအား မှီခိုရ၊ တိုက်ပွဲအခြေအနေပေါ် မူတည်ကာ မိမိဒေသသို့ ပြန်သူများရှိကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-ရှမ်းပြည်တောင်ပိုင်းမှ စစ်ရှောင်များ
#ရှမ်းတောင် #စစ်ကောင်စီအကူအညီများ #ပိတ်ပင်ထား #စားနပ်ရိက္ခာ #ရေများပြတ်လပ် #စစ်ရှောင်သောင်းနှင့်ချီ #ခက်ခဲဒုက္ခရောက်နေ #Ayeyarwaddy_Times