
ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
ရန်ပုံငွေမရှိတာကြောင့် နောက်လမှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းဝန်း ကျင်အတွက် စားနပ်ရိက္ခာအကူအညီ ထက်ဝက်လျော့ချမယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ပြောပါတယ်။
အကူအညီဖြတ်တောက်မှုတွေကြောင့် အကူအညီအပေါ် မှီခိုရပြီး အာဟာရပြတ်လပ်မှု ခံစားနေ ရတဲ့ လူပြွတ်သိပ်ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာတွေကြား ဆိုးရွားသော ခက်ခဲမှုတွေ ဖြစ်စေခဲ့ပါတယ်။
ရန်ပုံငွေပြတ်လပ်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဉီးအတွက် လစဉ် ထောက်ပံ့မှုပမာဏကို ၁၂ ဒေါ်လာကျော်မှ ၆ ဒေါ်လာအထိ ထက်ဝက်လျော့ချခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရန်ပုံငွေဖြတ်တောက်မှုရဲ့ ဂယက်ရိုက်ခတ်မှုတွေအကြောင်း ဆွေးနွေးဖို့ လာမယ့်အပတ်မှာ ဒေ သန္တရခေါင်းဆောင်တွေနဲ့ အစည်းအဝေးပြုလုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ WFP ရုံးက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မတိုင်မီ WFP က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။
ယခုအခါ ကုလသမဂ္ဂက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေတဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာ ၇၅၀၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ပါရ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ပံ့ပိုးကူညီဖို့ ရုန်းကန်ခဲ့ရပြီး ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ နေရပ်ပြန်ပို့ရေးဟာ ဝေးကွာနေဆဲဖြစ်ပါတယ်။
ကော့ဘဇားဝန်းကျင်ရှိ ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကို အလုပ်အကိုင်ရှာဖွေ ခွင့်မပြုလို့ အသက်ရှင်ဖို့ အကန့်အသတ်သာရှိတဲ့ လူသားချင်းစာနာမှု အကူအညီကို လုံးလုံးလျားလျား အားထားနေရပါတယ်။
ဒုက္ခသည်တွေဟာ ပိုမိုကောင်းမွန်သောဘဝကို ရှာဖွေဖို့ အန္တရာယ်များသော ပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ပြီး ဇန်နဝါရီလအတွင်း ရိုဟင်ဂျာ ၂၅၀ ကျော် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပါ တယ်။
ကိုးကား – The Japan Times
Ref; Rohingya refugee food aid to be halved from next month: U.N.
#Ayeyarwaddy_Times