
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တာဝန်မှ အနားယူခြင်းသည် ၎င်း၏ မိခင်အဖွဲ့အစည်း တာဝန်များ အပြည့်အဝ ထမ်းဆောင်ချင်၍ဖြစ်ဟု NUG ဝန်ကြီးချုပ်ရုံးထံက သိရသည်။
လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်းကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ မတ် ၇ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ သိထားတာတော့ မိခင်အဖွဲ့အစည်းတာဝန်တွေကို အပြည့်အဝထမ်းဆောင်ချင်လို့ တာဝန်က အနားယူခွင့်တောင်းတာကို ဝန်ကြီးချုပ်က အနားယူခွင့်ပြုလိုက်တာပါ” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုဝန်ကြီး ခွန်းဗဟန်းထန်သည် ကရင်နီပြည်နယ်ဖွား ကယန်းတိုင်းရင်းသား တစ်ဦးဖြစ်ပြီး ကယန်းပြည်သစ်ပါတီအတွက် ပြည်တွင်းပြည်ပ မဟာမိတ်ဆက်ဆံရေး တာဝန်ခံအဖြစ် ကိုယ်စားပြု ဆောင်ရွက်နေသူလည်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Ramkhamhaeng University မှ Master of Arts in Political Science ဘွဲ့ရရှိသူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို No Vote Campaign နှင့် ဆန့်ကျင်လှုံ့ဆော်မှုတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင် ဦးအောင်ကျော်မိုးနှင့်အတူ ဒုဝန်ကြီးဖြစ်လာပြီး ယာယီသမ္မတ ဒူဝါလရှီးလကလည်း အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုထားမှုများရှိနေသည်။
လက်ရှိတွင် ယင်းကိစ္စရပ်အပါအဝင် NUG အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေမှု ရှိမရှိနှင့် ပတ်သက် ၍မူ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က “အဲ့ဒါတွေတော့ မဖြေသေးပါဘူးဗျ” ဟု ဆိုသည်။
အလားတူ NUG ကာကွယ်ရေးဝန်ကြီးဌာန (MoD)မှ အတွင်းဝန် ဦးနိုင်ထူးအောင်သည်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် သိပ်မကြာခင် ဖေဖော်ဝါရီ ၂၄ ရက်တွင် NUG ဝန်ကြီးချုပ်ရုံး အကြံပေးအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။
ဓာတ်ပုံ/ပုံစာ – NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်
#NUG #လူ့အခွင့်အရေးဆိုင်ရာ #ဒုဝန်ကြီး #အနားယူ #ကရင်နီမိခင်အဖွဲ့အစည်း #တာဝန်များ #အပြည့်အဝထမ်းဆောင်ရန် #Ayeyarwaddy_Times