စစ်ကောင်စီ၏ အကျဉ်းထောင်ထက်ပင် အစားအသောက်များ ဆိုးဝါးကြုံနေရဟုဆို

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသော မြန်မာစစ်ဘေးဒုက္ခသည်များသည် မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက်မှုမှလွဲ၍ ကျန်ပြည်နယ်များတွင် အကူအညီမဲ့နေပြီး ဖမ်းဆီး ခြိမ်းခြောက်ကာ စစ်ကောင်စီထံ ပြန်ပို့နေကြောင်း India for Myanmar ထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာ စစ်ဘေးဒုက္ခသည်များမှာ လေးနှစ်ကျော်ကြာလာချိန်ထိ အကူအညီမဲ့နေမှုမှ ပိုမိုကျပ်တည်းသော အခြေအနေမျိုးကို ရောက်ရှိကာ ရင်ဆိုင်နေရကြောင်း သိရသည်။

“ဒီလိုဖမ်းဆီးခံရသူ အရေးတွေဟာ တော်လှန်ရေးကြောင့်ဖြစ်လို့ အထူးသဖြင့် NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ကိုယ့်ပြည်သူတွေကို တာဝန်ယူ၊ တာဝန်ခံတဲ့အနေနဲ့ ဝိုင်းဝန်းပြီး လုပ်ပေးကြဖို့ လိုပါတယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသူများအနက် ၂၅၀ ကျော်သည် မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံရပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရက လုံခြုံရေးအာမခံချက် မရှိဘဲ အာဏာသိမ်း စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံရသူ မြန်မာစစ်ဘေးဒုက္ခသည် တစ်ဦး ထောင်ထဲတွင် အသက်ဆုံးရှုံးခဲ့သော်လည်း ယနေ့အထိ တရားမျှတမှု မရရှိသေးကြောင်း India for Myanmar ၏ မတ် ၄ ရက်က ထုတ်ပြန် ချက်အရ သိရသည်။

“အစားအသောက်က ထောင်ကကျွေးတယ်ဆိုပေမယ့် တချို့ပြောပုံအရ တော်တော်လေး ဆိုးဆိုး ဝါးဝါးဖြစ်တယ်။ မြန်မာ နိုင်ငံက ထောင်ဟာမျိုးနဲ့ ထပ်တူပုံစံ၊ အဲဒီထက်တောင် အစားအသောက်ပိုင်း အခြေအနေဆိုးနေတယ်” ဟု ဆလိုင်းဒိုခါရ်က ဆက်လက်ပြောသည်။

ယင်းမြန်မာစစ်ဘေးဒုက္ခသည်များသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံပြီးဖြစ်သော်လည်း နှစ်ချီဆက်လက် ထိန်းသိမ်းခံနေရကာ လွတ်မြောက်ခွင့်မရသလို မဏိပူရ်နှင့် အာသံပြည်နယ် အစိုးရများက မြန်မာနိုင်ငံ ပြန်ပို့ရန် မကြာခဏခြိမ်း ခြောက်ခြင်းကို ရင်ဆိုင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် မဏိပူရ်ပြည်နယ်၌ ထိန်းသိမ်းခံရသူ အသက် ၅၀ ကျော်အရွယ် ဦးအောင်မြင့်သည် ကျန်းမာရေး ဆိုးရွားနေပြီး စိုးရိမ်ရသလို ၎င်းကဲ့သို့ နာတာရှည်ရောဂါ ခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေကာ ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း လွန်စွာ စိုးရိမ်စရာဖြစ်နေကြောင်း သိရသည်။

“ကျွန်တော်တို့က အရပ်ဘက်လူမှုအဖွဲ့အစည်း ပုံစံဖြစ်တဲ့အခါကျတော့ လုပ်ရတာ ခက်ခဲတယ်။ အခုလက်ရှိ ကျွန်တော်တို့ လုပ်နေတဲ့ဟာတွေအားလုံးကို NUG က တာဝန်ယူပြီးတော့ လုပ်ပေး တယ်ဆိုရင် တော်တော်လေး အဆင်ပြေမယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဆိုသည်။

ထို့အပြင် နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း နှစ် ကျောင်းတွင်လည်း ဝတ်ပြုနေကြသော မြန်မာ စစ်ဘေးဒုက္ခသည်များကို နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် စစ်ဆေးကာ ဖမ်းဆီးထောင်ချ ခြိမ်းခြောက်ခဲ့ပြီး ဝတ်ပြုအစီအစဉ်များ ရပ်တန့်စေခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အိန္ဒိယအနေဖြင့် အိမ်နီးချင်း ဒီမိုကရေစီ နိုင်ငံကောင်းပီသစွာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ မကူညီနိုင်သည့်တိုင် စစ်ဘေးဒုက္ခသည်များအပေါ် စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးရန် India for Myanmar က တောင်းဆိုထားသည်။

#အိန္ဒိယ #ခိုလှုံ #မြန်မာစစ်ဘေးဒုက္ခသည်များ #မီဇိုရမ် #စစ်ကောင်စီထံပြန်ပို့ #Ayeyarwaddy_Times