
ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်လာသည့် ကျောက်ဖြူတွင် ဒေသခံ နှစ်သောင်း(၂၀,၀၀၀)ကျော် စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာ ၁၀ရွာကျော်မှ ဒေသခံပြည်သူ နှစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲဖြစ်လာမယ်လို့ သတင်းတွေထွက်ကတည်းက ကျွန်တော်တို့က ကျောက်ဖြူမြို့ပေါ်ကို ထွက်လာလိုက်တာ။ ကြိုရှောင်သူတွေလည်းရှိတယ်။ အခုမှ တိုက်ပွဲအတွင်း အသက်လုထွက်ပြေး နေရသူတွေလည်း များပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်း ၃၂အနီးရှိကျေးရွာများဖြစ်သည့် သစ်ပုတ်တောင်၊ စိုင်ခြုံ၊ ရှောက်ချောင်း၊ ကြတ္တိန်၊ ကပ်သပြေ၊ ပျားတဲ့၊ စီမော်စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံများ စစ်ရှောင်ထွက်ပြေးနေရကြောင်း သိရသည်။
စီမော်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပိတ်မိနေသည့်ဒေသခံများကို ယမန်နေ့ မတ်၄ရက်နေ့တွင် AA က ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်လာသူများမှာ နီးစပ်ရာကျေးရွာများရှိ လယ်ကွင်းပြင်အစပ်နှင့် သစ်ပင်များ အောက်တွင် ဖြစ်သလိုနေထိုင်နေကြရပြီး သောက်သုံးရေနှင့် ရိက္ခာအကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။
ယနေ့ မတ်လ ၅ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်း ၃၂ တို့ကို AA က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ပုံစာ-ကျောက်ဖြူမြို့နယ်မှစစ်ဘေးရှောင်များ
#ကျောက်ဖြူ #ဒေသခံ #၂၀၀၀၀ကျော် #စစ်ရှောင်ထွက်ပြေး #Ayeyarwaddy_Times