ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေကို ယာယီရပ်ဆိုင်းဖို့ သမ္မတ ဒေါ် နယ်ထရမ့်က ညွှန်ကြားခဲ့တယ်လို့ အကြီးတန်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အမေရိကန်ရဲ့ စစ်ရေးအကူအညီက ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး အထောက်အကူဖြစ် မ ဖြစ် ပြန်လည်သုံးသပ်ဖို့ ရည်ရွယ်ပြီး အခုလို အကူအညီပေးမှု ယာယီ ရပ်ဆိုင်းလိုက်တာလို့ ၎င်းက ဆိုပါ တယ်။

“ငြိမ်းချမ်းရေး အလေးထားတယ်ဆိုတာကို သမ္မတက ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်ရဲ့ စစ်ရေးအကူအညီက ယူကရိန်းအရေး အဖြေရှာဖို့ အထောက်အကူပြု မပြု ပြန်လည်သုံး သပ်ဖို့ အကူအညီပေးမှုကို ကျွန်တော်တို့ ရပ်ဆိုင်းတာပါ” လို့ သူက ရှင်းပြပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကြား အိမ်ဖြူတော်မှာ အခြေအတင်အငြင်းပွားမှု ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှု ယာယီ ရပ်ဆိုင်းလိုက်တာပါ။

ယူကရိန်းခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးရရှိဖို့ ကတိကဝတ်ရှိတာကို ပြသတယ်ဆိုတာကို ဒေါ်နယ်ထရမ့်က ဆုံးဖြတ်ချိန်အထိ စစ်ရေးအကူအညီပေးမှု ရပ်ဆိုင်းထားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး အမေရိကန်မီဒီယာ Bloomberg က ဖော်ပြပါ တယ်။

လေယာဉ်၊ သင်္ဘောတွေ သို့မဟုတ် ပိုလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်လက်နက်တွေ အပါအဝင် ယူကရိန်းနိုင်ငံသို့ပေးပို့မယ့် အမေရိကန်စစ်လက်နက်အားလုံးကို ရောက်ရာနေရာမှာ ရပ်ဆိုင်းထားမယ် လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

အိမ်ဖြူတော်မှာ ဆွေးနွေးမှုကျိုးပျက်မှုကြောင့် ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးကြား သတ္တုအရင်း အမြစ် မျှဝေမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးမှု ရွှေ့ဆိုင်းခဲ့ရပါတယ်။

“ဇီလန်စကီးက ငြိမ်းချမ်းရေး မလိုလားပါဘူး” လို့ အစည်းအဝေးအပြီးမှာ ဒေါ်နယ်ထရမ့်က လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ သတ္တုဆိုင်ရာ သဘောတူညီချက်က အမေရိကန်နိုင်ငံအတွက် ကြီးမား တဲ့စာချုပ်တစ်ခုလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန်ရဲ့ စစ်ရေးအကူအညီ ရပ်ဆိုင်းမှုက ယူကရိန်းနိုင်ငံကို ဖိအားပေးဖို့ ရည်ရွယ်ပြီး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်နိုင်မယ်လို့ လေ့လာသူ တွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump administration pauses US military aid to Ukraine

#Ayeyarwaddy_Times