ဧရာ၀တီတိုင်းမ်
မတ် ၅ ရက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဂေါတမဗုဒ္ဓဘုရားဟောကြားခဲ့တဲ့ ဗျာဒိတ်တော်လာ ကြွက်မင်းဖြစ်ကြောင်း ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဘီဘီစီသတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ မြန်မာစစ်ခေါင်းဆောင်က ရုရှားသမ္မတ ပူတင်ကို မြတ်စွာဘုရား ဗျာဒိတ်ပေးခဲ့တဲ့ သောမအမည်ရှိ ကြွက်မင်း၀င်စားသူအဖြစ် ရည်ညွှန်းပြောဆိုခဲ့တာ တွေ့ရပါတယ်။

“ရုရှားနဲ့မြန်မာနဲ့ သမိုင်းကြောင်းလေးတစ်ခုပါ။ ဒါက ကျွန်တော်တို့ဆီမှာ ၁၉၄၂ ခုနှစ်က ထုတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အဲ့ဒီမှာရေးထားတဲ့အကြောင်းအရာကို ပြောရရင် ဗုဒ္ဓမြတ်စွာဘုရား လက်ထက်က သောမအမည်ရှိတဲ့ ကြွက်မင်းက မြေဆီဥတွေကိုတူးပြီး ဘုရားရှင်ကို ဆပ်ကပ်လှူဒါန်းတဲ့အခါမှာ ဘုရားရှင်က ပြုံးတော်မူခဲ့ပါတယ်။ ပြုံးတဲ့အကြောင်းမေးတဲ့အခါမှာ မြတ်စွာဘုရားက သောမကြွက်မင်းဟာ ဗုဒ္ဓသာသနာ နှစ် ၂၀၀၀ ကျော်တဲ့အခါ ပါပမင်းတို့လက်ထက်မှာ သိုးဆောင်းလူမျိုး ၁၂ မျိုးအနက်မှာ ရုရှားလူမျိုးရဲ့ ဧကရာဇ်မင်း ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။ လက်နက်အတတ်ပညာမှာ တဖတ်ကမ်းခတ်တတ်ပြီးတော့မှ အတုမရှိတဲ့ လက်နက်၀ိဇ္ဇာ ဧကရာ်တပါးဖြစ်ပြီး မြန်မာဘုရင်မင်းမြတ်တို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ မဟာမိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်စကား ပြောခဲ့ပါတယ်။ အခုမျက်မှောက်ခေတ်ကာလမှာ ကျွန်တော်တို့နှစ်နိုင်ငံဟာ မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံဖြစ်တာ၊ ရုရှားနိုင်ငံဟာ လက်နက်နဲ့နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ဗျာဒိတ်ဟာ ထူးထူးခြားခြား တိုက်ဆိုင်ပြီး အံ့သြဖွယ်ရာ မှန်ကန်နေတာကို တွေံရပါတယ်”လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်ကို အမွှန်းတင် ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ရဲ့ အဆိုပါပြောဆိုမှုအတွင်း သမ္မတပူတင်က သဘောကျစွာ ခေတ္တာရယ်မောခဲ့တာကိုလည်း တွေံရပါတယ်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို မတ်လ ၃ ရက်နေ့က စတင်ရောက်ရှိနေတာဖြစ်ပြီး ဒီခရီးစဥ်ဟာ ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် ပထမဆုံးလာရောက် ခွင့်ရတဲ့ ခရီးစဥ်လည်း ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့အထိ တပတ်တာကြာမြင့်မယ့် မြန်မာစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဥ်မှာ ရုရှားသမ္မတ ပူတင်၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ရုရှားအစိုးရတို့နဲ့ တွေ့ဆုံဖို့ရှိနေသလို နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

ဓာတ်ပုံ – Reuter
#Ayeyarwaddy_Times #မင်းအောင်လှိုင် #ပူတင် #ကြွက်မင်း