
ဧရာဝတီတိုင်းမ်
မတ် ၅ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့မှ လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ နယ်မြေရဲစခန်းမှဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း သိရသည်။
လေးမျက်နှာမြို့၊ အမှတ် (၁) ရပ်ကွက်မှ လူငယ်တစ်ဦးကို ပြီးခဲ့သည့် မတ်လ ၂ရက်နေ့တွင် နယ်မြေရဲစခန်းမှ အပိုင်နယ်ထိန်းဖြစ်သူ ဒုရဲအုပ်ကောင်းထက်လင်းမှ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအမှုဖြင့် မသင်္ကာဟုဆိုကာဖမ်းဆီးလာသည့်လူငယ်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ဆေးရင်း ကျည်မတော်တဆထွက်သွားခြင်းဖြစ်သည်ဟု ရဲအဖွဲ့မှပြောဆိုထားကြောင်း သတင်း အထူးတပ်ဖွဲ့- ပုသိမ်ထံက သိရသည်။
“ဧရာဝတီတိုင်းထဲမှာ လှုပ်တာနဲ့ဖမ်းမယ်။ ဖိထားတယ်ဆိုပြီး ရဲတွေက နာမည်ယူနေတာ။ ရခိုင်ကို အပို့ခံရမှာကြောက်လို့ အလုပ်ပြတာပေါ့။ အတိုင်ပင်ခံမွေးနေ့က ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို ပါးနားရိုက်ဖမ်းပြီး ထောင်ချပစ်တာ အဲ့ဒီ့ရဲတွေ။ စစ်တပ်နဲ့ရဲ ပြည်သူကို အပြိုင်နှိပ်စက်နေတာပေါ့ဗျာ” ဟု မြောင်းမြမြို့မှ CDM ရှေ့နေတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်နေ့ကလည်း လေးမျက်နှာမြို့မှ နိုင်ငံရေးအကျဉ်းသူတစ်ဦး၏ အမျိုးသားကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုးမထဲတွင် သတ်ပစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေကြည်မြို့၊ ကုန်းပြင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် လူငယ်နှစ်ဦးကို ရိုက်နှက်စစ်ဆေးရင်း တစ်ဦးမှာ လက်လွန်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ လူငယ်များကို စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ဖမ်းဆီးနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များမှ မသင်္ကာမှုဟုခေါင်းစဉ်တပ်ကာ လူငယ်များကို ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များဖြစ်သည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးအဆင့်များကို စစ်ကောင်စီက လုပ်ပိုင်ခွင့် အာဏာပေးထားသည့်အတွက် အဆိုပါ ရပ်ကျေးအဖွဲ့များသည် ရပ်ကွက် ကျေးရွာများ အတွင်းမူးယစ်သောက်စားပြီး ရမ်းကားမှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ရက်နေ့ကလည်း ဘိုကလေးမြို့နယ်၊ ပေချောင်းလေးကျေးရွာမှ မူးယစ် သောက်စားထားသည့် ဆယ်အိမ်မှူးနှင့်အဖွဲ့သည် လမ်းပေါ်တွင်သွားလာနေသည့် အသက် ၂၀ အရွယ် လူငယ်ကို စက်ဘီးခိုးမှုဖြင့်မသင်္ကာဟုဆိုကာ ပေါင်များကို ဓားဖြင့်ထိုးကာ စစ်ဆေးပြီးနောက် စစ်မှုထမ်းရန်ပို့ဆောင်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာချိန်တွင် လူငယ်များကို ပစ်မှတ်ထား စောင့်ကြည့်နေပြီး မြို့နယ်အလိုက် စစ်မှုထမ်းရန် လူအင်အားအများအပြားကို ဖမ်းဆီးခေါ်ဆောင် လျက်ရှိကြောင်း သိရသည်။
#ဧရာဝတီ #လေးမျက်နှာမြို့ #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #မတရားဖမ်းဆီး #ပစ်ခတ်သတ်ဖြတ် #Ayeyarwaddy_Times