(ချင်း)၊ ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

ချင်းပြည်နယ်တွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာစစ်ဌာန နှစ်ခုတွင် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၄၇၁ ဦး သာရှိကြောင့် ပြည်နယ်ပညာရေးရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ချင်းပြည်နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အထက (၁) ဟားခါး၊ အထက (၁) တီးတိန် နှင့် အထက – ခိုင်ကမ်း စသည့်စာစစ်ဌာန သုံးခုဖွင့်လှစ်ပြီး ကျင်းပမည်ဖြစ်သော်လည်း အထက – ခိုင်ကမ်း စာစစ်ဌာနတွင် လျှောက်ထားသူ ကျောင်းသား၊ကျောင်သူ တစ်ဦးမျှမရှိကြောင်း သိရှိရသည်။

“ဒီနှစ်တော့ ဟားခါးနဲ့ တီးတိန် စာစစ်ဌာန နှစ်ခုမှာပဲ ဖြေကြလိမ်မယ်။ ခိုင်ကမ်း စာစစ်ဌာနမှာတော့ လောလောဆယ် လျှောက်ထားတဲ့ ကျောင်းသား၊ကျောင်းသူတွေ မရှိကြသေးဘူး” ဟု စစ်ကောင်စီ၏ ပြည်နယ်ပညာရေးရုံးနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ အထိ ဟားခါးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည် ကျောင်းသား၊ကျောင်းသူ ၃၁၄ ဦးနှင့် တီးတိန်မြို့တွင် ကျောင်းသား၊ ကျောင်းသူ ၁၅၇ ဦးရှိပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၇၁ ဦးရှိသည်။

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို စာမေးပွဲ ဖြေဆိုရန် တစ်ရက် အလို အထိ လျှောက်ထားခွင့် ပြုထားသည့်အတွက် စာမေးပွဲ ဖြေဆိုသည့် အချိန်ထိ စာမေးပွဲ ဖြေဆိုမည် ကျောင်းသား၊ ကျောင်းသူ ဦးရေကို အတိအကျ ပြောမရသေးဟု ဆိုသည်။

“အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာတင်ဖို့ နောက်ကျသွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ ကျင်းပဖို့ တစ်ရက် အလိုအထိ လျှောက်ထားခွင့်ပြုထားတဲ့အတွက် အခုရရှိထားတဲ့လူဦးရေထက် တိုးလာနိုင်တယ်။ ဒါပေမဲ့ လူဦးရေစာရင်း အတိကျကိုတော့ မပြောတက်သေးဘူး” ဟု ပညာရေးမှူးရုံးနှင့် နီးစပ်သူက ထပ်မံပြောဆိုသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက် အထိ ပိတ်ရက်မရှိ ကျင်းပသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခုနှစ် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့်မြို့များသာ ဖြေဆိုခွင့်ရရှိခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်မရရှိပါ။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၄၃၅ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၃၈ အောင်မြင်ခဲ့သည်။

#ဟားခါး #တီးတိန် #စစ်ကောင်စီ #တက္ကသိုလ်
#ဝင်တန်းစာမေးပွဲ #ဖြေဆိုရန်လျှောက်ထားသူ #၄၇၁ဦးရှိ
#Ayeyarwaddy_Times