
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ် ၄ ရက်
ကရင်နီဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ် လတာအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲများမှာ ဖားဆောင်း၊ ဘောလခဲ၊ လွိုင်ကော် စသည့်မြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး တစ်လတာ တိုက်ပွဲများ အတွင်း KNDF တပ်ဖွဲ့ဝင် ငါး ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးဗြဲမြို့ ကတ်သလစ်စေတမာန်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးခဲ့ပြီး လက်နက် ငါး လက် သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီက လေ ကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီကတော့ မိုးဗြဲကိုအပြင်းအထန်ထိုးစစ်ဆင်နေတယ်။ လောလောဆယ်တော့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ သူတို့(စစ်ကောင်စီ) အပြင်းအထန်ကြိုးစားနေတယ်။ သူတို့အင်အားကတော့ ၃၀၀ နဲ့ ၅၀၀ ဝန်းကျင်ကြားမှာ ရှိပါတယ်။ အဲ့ဒီထဲမှာ အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စုဆောင်းခံရတဲ့သူအများစုပါတာ တွေ့ရတယ်” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ဧရာတဝတီတိုင်းမ်ကို ပြောသည်။
ဖေဖော်ဝါရီ တစ်လတာအတွင်း စစ်ကောင်စီဘက်မှ တပ်သားသစ်စုဆောင်းခံထားရသူ ခုနစ် ဦး KNDF ထံ အလင်းဝင်ခဲ့ပြီး ငါး ဦးမှာ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ခြင်း ဖြစ်ကာ ရှေ့တန်းမှ ထွက်ပြေး ကြသည့် စစ်ကောင်စီတပ်သား တပ်ပြေး ရှစ် ဦး ကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာနေရာများကို ပစ်မှတ်ထား၍ လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အသက်မပြည့်သေးသည့် ကလေး လေး ဦးအပါအဝင် ငါး ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ခိုက်မှုများကို မိုးဗြဲမြို့သို့ အဓိကထားပြုလုပ်ခဲ့ရာ နေအိမ်အလုံး ၅၀ ထက်မနည်း ပျက်စီးခဲ့ပြီး စာသင်ကျောင်း လေးကျောင်း နှင့် ဘာသာရေး အဆောက်အအုံ လေး ခုတို့ ပျက်စီးခဲ့ရကြောင်း သိရသည်။
ဆက်လက်၍ ယခုလ မတ်လ တွင်လည်း မိုးဗြဲ မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက ဒီးမော့ဆို မိုးဗြဲ စသည့်ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
#ကရင်နီ #မိုးဗြဲ #တိုက်ပွဲ #စစ်ကောင်စီ #KNDF #တပ်သားသစ် #Ayeyarwaddy_Times