
ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ပြည်တွင်းဈေးကွက်အတွင်းထိုင်းနိုင်ငံထုတ်စားသုံးဆီများ ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေကာ ရန်ကုန် မြို့ရှိ ဈေးဝယ်စင်တာများတွင်ပင် ထိုင်းနိုင်ငံထုတ် နေကြာဆီ၊ ပဲပိစပ်ဆီများရောင်းချနိုင်မှု မရှိကြောင်းသိရသည်။
ပြည်တွင်းလူသုံးများသော ထိုင်းနိုင်ငံထုတ် Cook ၊၊Sunan နေကြာဆီနှင့် ပဲပိစပ်ဆီအပါအဝင် အခြားကုန်အမှတ်တံဆိပ်ပစ္စည်းပြတ်နေသည်မှာ တစ်လနီးပါးရှိကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မ တစ်ဦးက ပြောကြားသည်။
“Cook နေကြာဆီဝယ်မရတာကြာပြီ။ ကုန်စုံဆိုင်ကြီးတွေမှာဝယ်မရလို့ ဈေးဝယ်စင်တာတွေမှာ ရှာသေးတယ်။ မတွေ့ဘူး။ အိမ်နားက city market တစ်ခုမှာတော့ ပြည်တွင်းထုတ်ပဲဆီတွေပဲတွေ့တယ်။ ပဲဆီတွေက အရောအနှောတွေပါလို့မယုံရဘူး။ ထိုင်းကလာတဲ့ဆီတွေမရှိဘူး။ မတွေ့တာကြာပြီ ” ဟု ကြည့်မြင်တိုင်မြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုင်းနိုင်ငံထုတ်စားသုံးဆီများပစ္စည်းပြတ်လပ်နေခြင်းကြောင့် လက်ရှိတွင် ပြည်တွင်းထုတ်မြေပဲဆီ ဆုံဆီကို အစားထိုးသုံးစွဲနေရကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောကြားသည်။
မြန်မာ – ထိုင်းနယ်စပ်ရှိကျားဖြန့် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကြောင့် ကုန်သွယ်ရေးလမ်း ကြောင်းများ နှောင့်နှေးရပြီး ကုန်စည် ပို့ဆောင်ရေးလမ်းခရီးကြန့်ကြာမှုများရှိကြောင်း ထိုင်းကုန်စည် ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
ပြည်တွင်းတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်များအပါအဝင် လျှပ်စစ်ပစ္စည်းများ နှင့် လူသုံးကုန်၊ အလှကုန်များကို အဓိကထားသုံးစွဲကြရာတွင် လက်ရှိလမ်းခရီးခက်ခဲမှုများကြောင့် ကုန်ပစ္စည်း ဝင်ရောက်မှုနည်းကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းဘတ်ဈေးနှုန်းအနည်းကျဆင်းသော်လည်း ထိုင်းကုန်ပစ္စည်းဈေးနှုန်းများမှာမူ ဈေးအမြင့်တွင်သာရှိကြောင်းသိရသည်။
စစ်ကောင်စီသည် နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချလို၍ ပြင်ပမှစားသုံးဆီများတင်သွင်းမှု လျော့ချရန် ပြောဆိုလေ့ရှိပြီး ပြည်တွင်း၌စားသုံးဆီတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ၎င်းတို့နှင့် နီးစပ်သူများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ချေးငွေများချပေး နေကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ထိုင်းစားသုံးဆီ #cook #sunar #နေကြာဆီ #ပဲပိစပ်ဆီ #Ayeyarwaddy_Times