ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

မြန်မာနိုင်ငံသည် အာရှတိုက်အတွင်း တတိယမြောက် အဆင်းရဲဆုံး နိုင်ငံဖြစ်နေသော် လည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု အများဆုံးမှာ မြန်မာ နိုင်ငံဖြစ်လာကြောင်း World Population Review အစီရင်ခံစာအရ သိရသည်။

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ၏ စစ်တမ်းအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ထိုင်းတွင် မြန်မာနိုင်ငံမှ ကွန်ဒိုဝယ်ယူမှု သိသိသာသာမြင့်တက်လာပြီး ကွန်ဒိုအခန်းပေါင်း ၁၃၈၈ ခုအထိဝယ်ယူခဲ့ကြပြီး ၁၄၆ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ကွန်ဒိုဝယ်ယူမှု ရာခိုင်နှုန်းကို ကျော်ကာ ထိုင်းဘတ်ငွေ ၇ ဒသမ ၀၄ ဘီလီယံ ဖိုးအထိ ဝယ်ယူခဲ့ခြင်းဖြစ်ကြာင်း ထိုင်းသတင်းဌာန များထံက သိရသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် အာရှတိုက်၌ အာဖဂန်နစ္စတန်နှင့် နီပေါနိုင်ငံတို့ပြီးပါက တတိ ယမြောက် အဆင်းရဲဆုံးနိုင်ငံဖြစ်လာပြီး အာဆီယံဒေသတွင်းတွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၂၆ ရာခိုင်နှုန်းမှာ ဆင်းရဲမှုဖြင့် နေထိုင်နေရကြပြီး အများစုမှာ မြို့ပြမဟုတ်သည့် ဒေသများမှဖြစ်ကြာင်းလည်း World Population Review အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာရခြင်းမှာ အစိုးရစီမံခန့်ခွဲမှု ညံ့ခြင်း၊ ပြည်တွင်းစစ်ဖြစ်ပွား‌နေခြင်း၊ အခြေခံအဆောက်အအုံများ မလုံလောက်ခြင်း၊ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများမရှိခြင်း၊ ကုန်သွယ်မှုများ လစ်ဟာခြင်း၊ နိုင်ငံ၏ သယံဇာတမျကို အကျိုးရှိအောင်အသုံးချရန် မသိရှိခြင်းတို့ဖြစ် ကြောင်းလည်း အစီရင်ခံစာတွင် ပြောဆိုထားသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း REIC အစီရင်ခံစာအရ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု အများဆုံး နိုင်ငံစာရင်းတွင် ကွန်ဒိုအခန်းပေါင်း ၅၆၄ ခန်းဖြင့် စတုတ္ထနေရာတွင် ရှိနေခဲ့ ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#Ayeyarwaddy_Times