ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ခမရ ၃၀၈ ၏ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့ရှိ ခမရ ၃၀၈ ၏ ကာကင်းစခန်း တစ်ခုကို ယခု မတ်လပထမပတ်အတွင်းတွင် AA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၃၀၈ တပ်ရင်းကို ဆက်လက်တိုက်ခိုက် နေကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“ကာကင်းရသွားပြီ။ တပ်ရင်းကတော့ ရခါနီးပြီဆိုတဲ့ အခြေအနေပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သာပေါင်းတိုက်ပွဲတွင် ခမရ ၃၀၈ (သာပေါင်း) နှင့် ခလရ ၉၃ (မြောင်းမြ)မှ စစ်ကောင်စီ တပ်သား များအပြင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် သင်တန်းသားသစ်များဖြင့်ပါ အင်အားဖြည့်ပို့ဆောင် ထားသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ ဗျူဟာမှူးအဆင့်ထိ သေဆုံးမှုများပင် ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစ၍ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး AA နှင့် ပူး ပေါင်းတပ်များက ကမွန်းချဉ်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ သာပေါင်း မြို့မှ ဖောကား လေးစီးပါ စစ်အင်အားအပြည့် အင်အား ပို့ဆောင်ခဲ့ပြီး စက်တပ်လေထီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်၍ အပြင်းအထန်ခုခံခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ ကို သာပေါင်းနှင့် ပုသိမ်မြို့တို့သို့ ခေါ်ဆောင်လာပြီး ဆေးကုသခြင်း၊ မီးသင်္ဂြိုဟ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အင်တာနက်(ပုံဟောင်း)

#ဧရာဝတီတိုင်း #သာပေါင်း #ခမရ၃၀၈ #ကာကင်းစခန်း #AAပူးပေါင်းတပ် #သိမ်းပိုက် #Ayeyarwaddy_Times