
ဧရာဝတီတိုင်းမ်
မတ် ၄ရက်
တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူနှင့် စစ်တွေသို့ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတို့ဖြင့် လက်နက်၊ ခဲယမ်းများ ပို့ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့အတွင်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အတွင်းသို့ လက်နက်၊ ခဲယမ်းများကို သင်္ဘော၊ လေယာဉ်တို့ဖြင့် အလျင်အမြန်ဖြည့်တင်းပေးနေကြောင်း သိရသည်။
“တပ်လေကြောင်းလိုင်းတွေကနေ လက်နက်တွေပို့နေတာ။ ဒရုန်းတွေလည်းပါတယ်ပြောတယ်။ ဒရုန်းကျွမ်းကျင်အဖွဲ့တွေက ပြီးခဲ့တဲ့နှစ်ကတည်းက ကျွမ်းကျင် နှစ်ယောက်နဲ့ ဦးစီးမောင်းသူ ၁၀ ယောက် ဆိုပြီး တပ်တွေထဲပို့ထားတာ။ စစ်တပ်က ဒရုန်းနဲ့ အဓိကထား အပြင်းအထန်တိုက်နေတယ်။ ဒရုန်းဗုံးတွေလည်း တောက်လျှောက်တင်ပို့နေတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယခု မတ်လ ရက်ပိုင်းအတွင်းတွင် ကျောက်ဖြူလေဆိပ်နှင့် စစ်တွေလေဆိပ်များသို့ စစ်လေယာဉ်များဆိုက်ကပ်ပြီး လက်နက်၊ခဲယမ်းများပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကမ်းရိုးတန်းသွား သင်္ဘောများကိုပါအသုံးပြုပြီး လက်နက်၊ ခဲယမ်းနှင့် လူအင်အား ဖြည့်တင်းနေကာ ကျောက်ဖြူရှိ ရေတပ်ဌာနချုပ်နှင့် စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွင်း စစ်ရေးအပြင်းအထန်ပြင်ဆင်နေရကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်နက်၊ ခဲယမ်းတင်လာသည့် သင်္ဘောမှာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့ ကုလားတန်ဖွံ့ဖြိုးရေးစီမံ ကိန်းဆိပ်ကမ်းသို့ ရောက်ရှိလာပြီး လက်နက်၊ ခဲယမ်းများကို မြို့တွင်း တပ်ရင်းများအတွင်း သယ်ယူသွားကြောင်း ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် Western News တွင် ဖော်ပြထားသည်။
ကျောက်ဖြူမြို့အစွန် သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်နှင့် အနီးအနားကျေးရွာများတွင်လည်း ယနေ့ မတ် ၄ ရက်နေ့အထိ စစ်ကောင်စီနှင့် AA တို့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ ရှောက်ချောင်း၊ ဦးကင်း၊ ကြတ္တိန်၊ စီမော်ကျေးရွာများအနီးတွင် စစ်ကောင်စီနှင့် AA တို့အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အနီးအနားမှကျေးရွာ ၁၀ ရွာခန့် စစ်ဘေးရှောင် နေရကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင်လည်း ဝါဘိုကျေးရွာ အနီးတစ်ဝိုက်တွင် ပစ်ခတ်တိုက်ခိုက်မှုများရှိနေခဲ့သော်လည်း ယခု ၂ ရက်ခန့်အတွင်း ပစ်ခတ်သံများ ခေတ္တရပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပုံစာ- ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် စစ်ကောင်စီရေယာဉ်များကိုတွေ့ရစဉ် (ပုံဟောင်း)
#ကျောက်ဖြူ #စစ်တွေ #စစ်ကောင်စီ #ရေကြောင်း #လေကြောင်း #လက်နက်ခဲယမ်း #တင်ပို့ #Ayeyarwaddy_Times