(ကလေး)၊ ဧရာဝတီတိုင်းမ်
မတ် ၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ဆည်ကြီးကျေးရွာ၊ ဆည်ကြီးကွင်းလမ်းတွင် စစ်ကောင်စီတပ်မှ ကယ်ရီသမားနှင့် လူငယ်များကို ရှောင်တခင် ဖမ်းဆီးပြီး ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ကလေမြို့နယ်မြောက်ပိုင်း ဒေသခံပြည်သူများ အသုံးပြုနေကြသည့် ဆည်ကြီးကျေးရွာအနီး ဆည်ကြီးကွင်းလမ်းတွင် မတ်လ ၃ ရက်နေ့က လိုင်းပြေးဆွဲနေသည့် ကယ်ရီသမား ၂၉ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး ငွေ ကျပ်ခြောက်သိန်းခွဲ တောင်းခံကာ ပါလာသည့် ပစ္စည်းများကိုလည်း ယူသွားကြောင်း သိရသည်။

“စစ်သားတွေက ကင်းပုန်းဝပ်ပြီး ရှောင်တခင် ဖမ်းတာပါ။ မတ်လ ၃ရက်နေ့က တစ်ရက်တည်း လူ ၂၉ ယောက်တောင် ဖမ်းတယ်။ ကယ်ရီသမားတွေချည်း။ တစ်ယောက်ကို ဆိုင်ကယ်နဲ့လူ ခြောက်သိန်းခွဲကျပ်စီ တောင်းပြီး ပြန်လွှတ်ပေးတာ။ ပစ္စည်းတွေလည်း အကုန်သိမ်းဆည်းသွားပါတယ်” ဟု ဖမ်းဆီးခံရသည့် ကလေးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကလေးမြို့နယ် ဒေသခံပြည်သူများသည် ဆည်ကြီးကွင်းလမ်းကို အသုံးပြုပြီး စျေးထွက်ဝယ်ခြင်း၊ ပစ္စည်းများ မှာယူခြင်း၊ အရေးပေါ် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက် အသုံးပြုကြသည့် လမ်းဖြစ်သည်။

ထို့အပြင် မတ်လ ၁ ရက်နေ့ကလည်း ဆည်ကြီးကွင်းလမ်းကို အသုံးပြီး၍ ဖြတ်သန်းသွားလာပြကြသည့် လူငယ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ငွေကျပ် ၁၃ သိန်းဖြင့် ပြန်ရွေးရန် မိဘများထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း သိရသည်။

“အခုရက်ပိုင်းမှာ အဲလိုဖြစ်နေတာပါ။ ကျွန်မသားလေးကို ဖမ်းဆီးရွေးခိုင်းတယ်။ ကြားကြားချင်း မယုံဘူးပေါ့။ နောက်မှသားလေးက သေချာရှင်းပြမှ သွားရွေးရတယ်။ တခြားလူတွေလည်း အဲလိုကြုံနေရတယ်လို့ ကြားရတယ်။ ပြီးတော့ မရွေးခင်ထိတော့ စစ်သင်တန်းတက်ခိုင်းမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုသွားသေးတယ်” ဟု ကလေးမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့ပေါ်နှင့် မြောက်ပိုင်းကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အရပ်သားပြည်သူများကို မတရားဖမ်းဆီးပြီး ငွေညှစ်ခြင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေခြင်းဖြစ်ကြောင့် ဒေသခံများက သုံးသပ်ပြောဆိုသည်။

#ကလေးမြို့နယ် #ဆည်ကြီးလမ်း #စစ်ကောင်စီတပ် #ကယ်ရီသမား #လူငယ်များ #ဖမ်းဆီးငွေညှစ် #Ayeyarwaddy_Times