==============
၎င်းလုံခြုံရေးအတွက် ရုရှသမ္မတပူတင်ထံ တပည့်ခံကာ အာမခံချက်တောင်းဆိုနိုင်ပြီး လူရာဝင်ကြောင်းပြချင်၍ ထွက်ခွာခြင်းဟုပြော

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပထမဆုံးအကြိမ် သမ္မတကိုယ်တိုင် ဖိတ်ကြားမှုဖြင့် သွားရောက်နေသည့် ရုရှားခရီးစဉ်အတွင်း တပည့်ခံကာ ၎င်းလုံခြုံရေးအတွက် အာမခံချက် တောင်းဆိုနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြသုံးသပ်သည်။

အဆိုပါခရီးစဉ်သည် အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် ဖြစ်သော်လည်း ယခုအခါမှ သမ္မတကိုယ်တိုင် ပထမဆုံးအကြိမ် ဖိတ်ကြားလာသဖြင့် တွေ့ဆုံကြရန် ယနေ့ မတ် ၃ ရက်တွင် နေပြည်တော်မှတဆင့် ရုရှားနိုင်ငံသို့ စစ်ခေါင်းဆောင် စတင်ထွက်ခွာသွားကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို ထောက်ခံကူညီပေးနေသော နိုင်ငံတချို့အနက် စစ်ခေါင်းဆောင်သည် အိမ်နီးချင်း တရုတ်အစိုးရအပေါ်အားကိုးခဲ့သော်လည်း ၎င်း၏ တရုတ်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်အဆင့်နှင့်သာတွေ့ခွင့်ရခဲ့သလို လက်ရှိအခြေအနေအရလည်း တရုတ်အပေါ် ယုံကြည်မှု နည်းပါးလာကြောင်း သိရသည်။

ထိုအခြေအနေတွင် ရုရှားသမ္မတကိုယ်တိုင် ဖိတ်ကြားလာသောကြောင့် စစ်ရှုံး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ရုရှားနိုင်ငံကို ပိုမိုယုံကြည်စွာ အပ်နှင်းမည့် အနေအထားရှိသည်ဟု ယူဆမိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။

“ဒီခရီးစဉ်အတွင်း နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ ဆက်ဆံရေးကတော့ သူ့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပူတင် အာမခံချက် ပေးနိုင်လား။ ပေးနိုင်တယ်ဆိုရင် သူနဲ့ သူ့မိသားစု လုံခြုံရေးအတွက်ပါ အစီအစဉ်တွေ ဆွဲကြလိမ့်မယ်လို့ မျှော်လင့်ရတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ရုရှားသမ္မတ ပူတင်အပါအဝင် ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ စသည်တို့နှင့်ပါတွေ့ဆုံသွားမည့် ယင်းခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် ကဏ္ဍပေါင်းစုံ၌ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်သည် ယခုခရီးစဉ်မတိုင်မီက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း သမ္မတပူတင်နှင့် တွေ့ဆုံခွင့်မရခဲ့ဘဲ ပြီးခဲ့သည့် ၂၀၂၂ ၊ စက်တင်ဘာက ရုရှားနိုင်ငံတွင် ပြုလုပ်သော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တက်ရောက်စဉ်ကသာ တစ်ကြိမ်တွေ့ခွင့်ရခဲ့ပြီး သမ္မတပူတင်ကို မြှောက်ပင့်ပြောဆိုခဲ့သည်။

“လူရာဝင်​ကြောင်း ပြချင်တာပါ။ ပိုနီးစပ်လာတာတော့ ရှိတယ်။ ရုရှားက အမေရိကန် အရင်မူလိုပဲ။ Asia Pivot အာရှကို ဗဟိုပြုရေးမူ သဘောထားတယ်။ အာရှမှာ သူတို့အခြေတခု လိုတယ်။ မြန်မာက တပည့်သွားခံချင်နေတာ” ဟု မြန်မာ့အရေး လေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်လာပြီး လေယာဉ်၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာ စသည်တို့ကို ဝယ်ယူနေသလို တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရန်အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယပတ်က ရုရှားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီသည် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း-Rosatom နှင့် နျူကလီးယားဓာတ်အားပေး စက်ရုံများ တည်ဆောက်မည့် အစီအစဉ်ပါဝင်သော နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

“​မြန်မာလိုတာက စစ်ဖက်နည်းပညာနဲ့ အနုမြူစွမ်းအင် ထုတ်လုပ်​ရေး၊ ကျန်တာ ကုန်သွယ်မှု တိုးရစ်ဇင်။ ဒါပေမယ့် ရုရှားဆီက ဘာမှ​သေချာ မရ​​သေးဘူး။ ​နောက်တစ်ခုက သူ့ပရိသတ်ကို ပြချင်ပုံရတယ်။ အာဂျင်တီးနား တရားစွဲလည်း သွားလို့ရသေးတယ်​ပေါ့” ဟု မြန်မာ့အရေး လေ့လာသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ကြောင့် ရုရှားသမ္မတ ပူတင်ကို နိုင်ငံတကာ တရားရုံးက ဖမ်းဝရမ်း ထုတ်ထားသလို စစ်ခေါင်းဆောင်များကိုလည်း ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ဖြင့် အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်းဝရမ်း ထုတ်ထာသည်။

“လုပ်ငန်းသဘောအရ သူ့အတွက် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးဆိုတာ အရေးကြီးလိမ့်မယ်။ နောက်တစ်ခုကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း။ အဲတော့ ဒီဆိပ်ကမ်း တည်ဆောက်တာက တရုတ်ရဲ့ ကျောက်ဖြူရေနပ်ဆိပ်ကမ်းနဲ့ အပြိုင်ဖြစ်လာမယ့် သဘောပဲ ဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

စစ်ခေါင်းဆောင်၏ ယခုရုရှားခရီးစဉ်သည် ပြီးခဲ့သည့် နိုဝင်ဘာက သွားရောက်ခဲ့သော တရုတ်ခရီးစဉ် မတိုင်ခင်က ပြင်ဆင်ထားခဲ့ပြီး ထပ်မံဖိတ်ကြားထားသော အာဏာရှင် ဘယ်လာရုစ်နိုင်ငံသို့လည်း ဝင်ရောက်ဦးမည်ဖြစ်ကာလာမည့် မတ် ၄ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည်ဟု သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ရုရှားခရီးစဉ် #သမ္မတပူတင် #လုံခြုံရေး #အာမခံချက်တောင်းဆို #လူရာဝင် #Ayeyarwaddy_Times