ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ‌‌‌‌‌‌‌မတ် ၂ ရက်

ရှမ်း-ကရင်နီနယ်စပ် အခြေစိုက် ဖယ်ခုံPDF(၁၀၀၆) တပ်ရင်း အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လတာအတွင်း စခန်းသိမ်းတိုက်ပွဲ အပါအဝင် တိုက်ပွဲပေါင်း ၁၉ ကြိမ် ဖော်ဆောင်ခဲ့ပြီး ဒရုန်းစစ်ဆင်ရေးများနှင့် ကယ်ဆယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲများတွင် စခန်းသိမ်းတိုက်ပွဲအနေဖြင့် ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူစခန်းသိမ်းတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ခဲ့ပြီး မိုးဗြဲ၊ လွယ်လုံ၊ ရေပူ၊ ဆီဆိုင် စသည့် ဒေသများတွင် ဒရုန်းစစ်ဆင်ရေး ပေါင်း ၁၀၄ ကြိမ်အထိ ပြုလုပ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“လက်ရှိမှာလည်း တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ဒရုန်းနဲ့ ကုသကယ်ဆယ်ရေးတွေကို လုပ်ဆောင် နေပါတယ်။ ရှေ့တန်းတိုက်ပွဲတွေမှာဆိုရင်လည်း ၁၀၀၆ တပ်ရင်းက ဒေသခံလဲဖြစ်တော့ ဖော်ပြထားတဲ့ အနီးနားဒေသတွေကို စကစ(စစ်ကောင်စီ) စစ်ကြောင်းတွေကို ကာကွယ်ဖို့ ပါဝင်ရပါတယ်။ အခုတော့ တခြားမဟာမိတ်တွေလဲပါတာပေါ့” ဟု ဖယ်ခုံ PDF(၁၀၀၆) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖယ်ခုံ PDF(၁၀၀၆) တပ်ရင်း အနေဖြင့် လက်ရှိတွင် မိုးဗြဲတိုက်ပွဲတွင်လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရပြီး ဒရုန်းစစ်ဆင်ရေးများကိုလည်း အခြေအနေ အချိန်အခါရလျင်ရသလို သီးသန့်စစ်ဆင် ရေးအနဖြင့် ဖော်ဆောင်လျက်ရှိ ကြောင်းသိရသည်။

နှစ်လတာကာလအတွင်း ၁၀၀၆ တပ်ရင်း သို့ စစ်ကောင်စီတပ်သား ရှစ် ဦး အလင်းဝင်ရောက်လာခဲ့ပြီး တိုက်ပွဲများအတွင်းစစ်သုံ့ပန်း ခြောက်ဦး ဖမ်းဆီးရမိကာ ၎င်းတို့ထဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ကလေးစစ်သားတစ်ဦး နှင့် စိတ်ကျန်းမာရေး အခြေအနေဆိုးသူတို့ ပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်သားသစ်များ အလင်းဝင်ရောက်မှုနှင့်ပတ်သက်၍ “အလင်းဝင်တဲ့တပ်သားသစ်တွေကို ကျွန်တော်တို့ နောက်ပိုင်းသတင်းအသေးစိတ်ထုတ်ပြန်သွားမှာပါဗျ။ သတင်းကောင်းတွေရှိပါတယ်” ဟု ဖယ်ခုံ PDF(၁၀၀၆) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ထို့ပြင် တပ်ရင်း၏ ကယ်ဆယ်ကုသရေးကဏ္ဍအနေဖြင့်လည်း ဒဏ်ရာရရဲ ဘော် ၂၆ ဦး နှင့် စစ်ကောင်စီ ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သား ၂၄ ဦးတို့ကို ကယ်ဆယ်ကုသပေးခဲ့ပြီး စစ်သုံ့ပန်း ခြောက် ဦးကိုလည်း ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြောင်း ဖယ်ခုံ PDF(၁၀၀၆) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဖယ်ခုံ PDF(၁၀၀၆) တပ်ရင်း
#ဖယ်ခုံ #နှစ်လတာအစီရင်ခံစာ #ဖယ်ခုံPDF #စစ်ကောင်စီတိုက်ပွဲ #Ayeyarwaddy_Times