ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

ထိုင်းနိုင်ငံတွင်း တစ်နေရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် CRPH ကိုယ်စားလှယ်များ နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်ာများအဖွဲ့(APHR) တို့ တွေ့ဆုံဆွေးနွေးစဥ် ဖက်ဒရယ်ယူနစ်များပေါ်ပေါက်လာရန် အကူအညီပေးမှုများ ရှိကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်မှ Federal Units(ဖက်ဒရယ်ယူနစ်)များ ပေါ်ပေါက်လာရန် CRPH အနေဖြင့် အားပေး‌နေကြောင်း၊ လိုအပ်သည့် အခက်အခဲများ ရှိပါကလည်း ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများရှိကြောင်း နှင့် ပေါ်ပေါက်ရန် အခက်အခဲရှိနေသည့် ယူနစ်များရှိပါကလည်း အကူညီပေးမှုများ ပြုလုပ်နေကြောင်း ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ Bottom Up Federalism နှင့်ပါတ်သတ်၍လည်း နိုင်ငံရေးအရ အဖြေရှာသည့် အချိန်များတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး နှင့် တိုးတက်မှု ရရှိနိုင်ရန် နိုင်ငံရေးအရ ချဉ်းကပ်သည့် နေရာမှာများတွင်လည်း မည်သည့်ချဉ်းကပ်မှုကို သုံးသည်ဖြစ်စေ တန်းတူညီမျှရေး နှင့် ပြည်သူလူထု ၏ ဆန္ဒကို အခြေခံသည့် စနစ်ဖြစ်ရန်သာလို‌ကြောင်းကို ဦးထွန်းမြင့်က APHR ဥက္ကဌ နှင့် ဆွေးနွေးခဲ့ကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

“အဓိကပြောဖြစ်တာကတော့ မြန်မာ့အရေးနဲ့ပါတ်သတ်ပြီးတော့ ပဲပြောဖြစ်တာပေါ့နော် လက်ရှိရွေးကောက်ပွဲကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ကိစ္စတွေ သူတို့ဘက်ကလည်း ဖက်ဒရယ်ယူနစ်တွေ ပေါ်လာမယ်ဟေ့ ဆိုရင် ပေါ်လာစေချင်တဲ့အမြင်မျိုးရှိတယ်ပေါ့နော်” ဟု CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ကိစ္စရပ်များအပြင် စားနပ်ရိက္ခာအခက်အခဲများ နှင့် နယ်စပ်ဒေသ လုံခြုံရေး၊ ကျားဖြန်ကိစ္စရပ်များတွင် CRPH ၏ ပါဝင်ဆောင်ရွက်မှု အပိုင်းများကိုလည်း ပြောဆိုခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာ ရရှိရန်ခက်ခဲမှုများကြုံတွေ့လာပြီး CRPH အနေနှင့်လည်း လူသားခြင်းစာနာထောက်ထားမှု အကူညီပေးရေးကိစ္စရပ်များကို လုပ်ဆောင်နေသော်လည်း လိုအပ်မှုများရှိနေသည့်အတွက် အာဆီယံအနေဖြင့် အကူအညီများပေးအပ်ရန်လည်း CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးစည်သူမောင်က ဆွေးနွေးပြောဆိုခဲ့သည်။

နယ်စပ်လုံခြုံရေး နှင့် လောင်းကစားကိစ္စရပ်များနှင့် ပါတ်သတ်၍လည်း “CRPH အနေနဲ့ တိုက်ရိုက် ပါဝင်ပါတ်သက်တာမရှိဘူး၊ သို့သော် အမျိုးသားညီညွှတ်ရေး အစိုးရ အနေနဲ့ (အထူးသဖြင့်တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသတာဝန်ခံတွေ အနေနဲ့) နယ်စပ်ဒေသ အွန်လိုင်းလောင်းကစား လုပ်ငန်းများ ပပျောက်ရေး စီမံချက်တွေမှာတော့ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၊ အိမ်နီးချင်း နိုင်ငံများ နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတာ တွေရှိတယ်” ဟု ဦးအာကာမျိုးထက်က ‌ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

CRPH အနေဖြင့် ထိုင်းနိုင်ငံတွင် APHR အဖွဲ့၏ ဥက္ကဌ နှင့် ပူးတွဲဥက္ကဌ တို့နှင့် တွေ့ဆုံခြင်းအပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ပထမအပါတ်ကလည်း ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အာရှ-ပစိဖိတ်ဒေသ ပါလီမန်များ၏ ညီလာခံကို တက်ရောက်ကာ မြန်မာ့အရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့

#CRPH #APHR #အာဆီယံ #ဆွေးနွေးပွဲ #ဖက်ဒရယ်ယူနစ် #စားနပ်ရိက္ခာ #Ayeyarwaddy_Times