
ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးတစ်ဦးသေဆုံးပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်းသည် ယမန်နေ့ မတ်လ ၁ ရက်နေ့က သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နာရေးကို နေပြည်တော်နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း နာရေးဖိတ်စာအရ သိရသည်။
ညောင်ကျိုးတိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်မှူးသန့်ဇော်ဟိန်း၏ အလောင်းကို နေပြည်တော် နယ်မြေရှိ နေအိမ်သို့ပြန်လည်သယ်ဆောင်ပြီး ပျဉ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက်တွင် နာရေးကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက ခြေလျင်ခြေမြန်တပ်ရင်း တစ်ခုခုထဲကလို့ပဲ အကြမ်းဖျင်း သိရတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ ဗိုလ်မှူးသန့်ဇော်ဟိန်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၅၀) ဆင်းဖြစ်ကာ အသက် (၃၆) နှစ်အရွယ်ရှိပြီး ဒုတပ်ရင်းမှူးအဆင့်ဖြစ်ကာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်းဌာနတစ်ခုတွင် တာဝန်ထမ်း ဆောင်ရင်းမှ ညောင်ကျိုးတိုက်ပွဲသို့ပို့ဆောင်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ညောင်ကျိုးစခန်း၏ ကာကင်းခစန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ညောင်ကျိုးစခန်းမှာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခံနေရသည့် အခြေအနေရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် ညောင်ကျိုးစခန်းသို့ နတ်တောင်တာဝါတိုင်ကုန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သွားရောက်ပူးပေါင်းမှုများရှိသလို ညောင်ကျိုးစခန်းမှ နေ့စဉ်ထွက်ပြေး နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိကြောင်း သိရသည်။
ညောင်ကျိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများ အပြားထိခိုက်သေဆုံးမှုရှိပြီး အလောင်းများကို ဥသျှစ်ပင်သို့ သယ်ယူနေပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေတောင်မြို့နယ်ရှ် တပ်ဆေးရုံသို့ ပို့ဆောင်နေရကာ ကုသမှုမနိုင်တော့၍ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပြောင်းရွှေ့နေရမှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထိခိုက်သေဆုံးမှုများပြီး အင်အားလိုအပ်ချက်များနေသည့် ညောင်ကျိုးတိုက်ပွဲသို့ ဥသျှစ်ပင်မှ ရိက္ခာတင်ကားဖောကား အပြည့်နှစ်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ခဲယမ်း အပြည့်အစုံတပ်ဆင်ကာ ဖောကားအပြည့် နှစ်စီးတို့ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပုံစာ-ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း၏ နာရေးပြင်ဆင်ထားမှု မြင်ကွင်း၊
#ပဲလူး #ပန်းတောင်း #ညောင်ကျိုး #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ် #ဒုတပ်ရင်းမှူးသေဆုံး #Ayeyarwaddy_Times