ဧရာဝတီတိုင်းမ်
‌မတ်လ ၂ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ လူငယ် ၇၀၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းပြုစုထားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တစ်ခုတည်းတွင် စစ်မှုထမ်းဆောင်ရမည့် လူငယ် ၇၂၂ ဦး၏ စာရင်းများပြုစုထားသည့် စာရွက် People’s Democratic Army PDA တပ်ဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသည် ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် မှ ၃၅ နှစ်ကြားရှိ လူငယ်များ စာရင်းကို စာရင်းပြုစုထားသည်ကို PDA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လူငယ် ၇၀၀ ကျော်တောင် စာရင်းထွက်ထားတာ များလွန်းတယ်။ အဲဒီစာရင်တိုင်းခေါ်မယ်ဆိုရင် ဘယ်ကို ရှောင်ကြမလဲ။ ပေါ်တာဆွဲသလို အစုလိုက်ဖမ်းခံနေရတာတွေလည်းရှိတယ်။ စာရင်းလည်းထွက်နေပြီဆို တော့ မကြာခင် အိမ်တွေကို အကြောင်းကြားမယ်ထင်တယ်”ဟု ညောင်ဦးမြို့တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် စစ်အင်အားလိုအပ်ချက်အရ စစ်မှုထမ်းဥပဒေကိုအတည်ပြုပြဋ္ဌာန်း၍ တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်များ လူငယ်လူရွယ်များစာရင်းကို ကောက်ယူပြီး စစ်သင်တန်းကျောင်းများသို့ ပို့ ဆောင်ခဲ့သည်မှာ အမှတ်စဉ် (၁) မှ အမှတ်စဉ် (၁၁) အထိ လူအင်အားစုဆောင်းထားပြီး တချို့ကို ရှေ့တန်းများသို့ပင် စေလွှတ်တိုက်ပွဲဝင်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် အမှတ်စဉ် တစ်ခုအတွက် လူငယ် ၄၀၀၀ ကျော်ကို ပုံမှန်စုဆောင်းခဲ့ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့ လာရေးအဖွဲ့ (BACS)က ဧရာဝတီတိုင်းမ်ကို ဖြေကြားထားသည်။

စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်း အမှတ်စဉ်တစ်ခုအတွက် သင်တန်းကျောင်း ၂၀ ခန့် အထိဖွင့် လှစ်ထားပြီး သင်တန်းကျောင်းတစ်ခုတွင် သင်တန်းကျောင်း အနေအထားပေါ်မူတည်၍ လူအင်အား ၁၀၀ မှ ၅၀၀ အတွင်းထိ သင်တန်းပေးနေပြီး အမှတ်စဉ် (၁၀) အထိ လူငယ်အင်အား လေးသောင်းကို အသုံးပြုနေခြင်းကြောင်း စစ်မှုထမ်းဥပဒေဖြင့် လူငယ်များအဓမ္မခေါ်ယူနေမှု အပေါ် လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းများထံက သိရသည်။

ယခုလတ်တလော တိုက်ပွဲပြင်းထန်နေသည့် ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများသို့ စစ်သင်တန်းဆင်းများကို ပို့ဆောင်နေ ပြီး ရှေ့တန်းမှ အစုလိုက်ထွက်ပြေးနေသည့် သင်တန်း ဆင်းများရှိကြောင်း သိရသည်။

စစ်ကောင်စီက ထွက်ပြေးသည့် သင်တန်းသားသစ် များကို လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများရှိသလို ဖမ်း ဆီးထောင်ချပြီး ရှေ့တန်းတိုက်ပွဲများသို့ ပြန်လည်ပို့ဆောင်နေမှုများလည်းရှိကြောင်း သိရသည်။

စစ်သင်တန်းသားသစ်များ ခေါ်ယူရာတွင် ယခုတိုက်ပွဲ ပြင်းထန်နေသည့် ဧရာဝတီတိုင်းတွင် အဆိုးရွားဆုံးဖြစ်နေပြီး ညအချိန်များတွင် ခြင်ထောင်ထဲမှဆွဲထုတ်၍ ခေါ်ယူမှုများပင်ရှိနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများထံက သိရသည်။

ပုံစာ- စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသည့် အမှတ်စဉ်(၈) သင်တန်းဆင်းများကိုတွေ့ရစဉ်

#မန္တလေး #ညောင်ဦး #လူငယ် #၇၀၀ကျော် #စစ်မှုထမ်းစာရင်း #စစ်ကောင်စီပြုစု #Ayeyarwaddy_Times