ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

အင်တာနက်ဖြတ်တောက်ကာ ဆက်သွယ်ရေး သတင်းအချက်အမှောင်ချထားခံရသော မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိနေချိန်တွင် ဒီဂျစ်တယ်ငွေပေးချေရေး (အွန်လိုင်း‌အခြေပြုငွေပေးချေရေး) မြန်မာကြူအာ (MMQR) ကို စတင်အသုံးပြုနိုင်ပြီးဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် မြန်မာကြူအာ စတင်အသုံးပြုခြင်းအခမ်းအနားတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာကြူအာ(MMQR) ကိုအသုံးပြုခြင်းဖြင့် ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်မည်ဖြစ်ပြီး မတူညီသည့် ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ်များ၊ မတူညီသည့် ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

စစ်ခေါင်းဆောင်က မြန်မာကြူအာ ကို အသုံးပြုနိုင်ရန် ပြောကြားနေသော်လည်း အင်တာနက်အပိတ် ခံထားရသည့်မြို့နယ်များတွင် လက်ရှိအသုံးပြုနေသော K-pay အပါအဝင် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ အင်တာနက်လိုင်းဖြတ်တောက်ခြင်း ခံထားရသည့် မြို့ နယ် ၃၄၅ မြို့နယ်ရှိကြောင်း Myanmar Internet Project ထုတ်ပြန်မှုအရသိရသည်။

“ဈေးထဲကမုန့်ဟင်းခါးဆိုင်မှာ ကြူအာ သုံးလို့ရမှာလား။ သားငါးသည်တွေဆီရော ဝယ်လို့ရမှာ မို့လို့လား။ အခုက လစာရလို့ ATM ကနေပိုက်ဆံထုတ်လိုက်ရင် တစ်သောင်းတန်တွေပဲပါတယ်။ အဲဒီတော့ဈေးဝယ်ရတာခက်တယ်။ အခုတောင် ၁၀၀ တန်၊ ၂၀၀ တန်တွေရှားတော့ မလိုတဲ့ သကြားလုံးတို့ တစ်ရှူးတို့ယူနေရတယ်” ဟု ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်ပင် K pay အပါအဝင် မိုဘိုင်းငွေပေးချေရေး Pay မျိုးစုံအသုံးပြုနိုင် ငွေပေးချေရာတွင် အခက်အခဲရှိပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ကြူအာ မှာ ရန်ကုန်မြို့တွင်ပင် နေရာစုံ အသုံးပြုနိုင်မည်မဟုတ်ကြောင်း မြို့ခံများက ဆိုသည်။

စစ်ခေါင်းဆောင်ကမူ အဆိုပါ မြန်မာကြူအာ (MMQR) စတင်အသုံးပြုနိုင်ပြီး ငွေပေးချေရာတွင် အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင်ထုတ် ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုနိုင်မည်ဟု ဆိုထားသည်။

လက်ရှိတွင် MMQR အသုံးပြုနိုင်ရန် AYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊ uabpay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နှင့် Mpitesan တို့ပါဝင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ထံက သိရသည်။

စစ်ကောင်စီက အာ‌ဏာသိမ်းထားသည့် လေးနှစ်ကျော်အတွင်း မြန်မာကျပ်ငွေတစ်သောင်းတန်များကို ကျပ်ဘီလီယံနှင့်ချီရိုက်ထုတ်မှုကြောင့် ငွေကြေးဖောင်းပွမှုများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ MOI
#မြန်မာကြူအာ #ငွေပေးချေရေးစနစ် #Ayeyarwaddy_Times