ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မတ် ၂ ရက်)

အသည်းရောင်အသားဝါ လို့ကြားလိုက်တာနဲ့ အားလုံးက သိကြတာမို့ ရင်းနှီးပြီးသား ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘီပိုး နဲ့ စီပိုး တို့က အသည်းရောင်အသားဝါရောဂါ ဖြစ်စေတယ်ဆိုတာကို သိထားကြ ပေမယ့် အသည်းရောင် အသားဝါ အေ ပိုး အကြောင်းကိုတော့သိထားတဲ့သူ နည်းပါးလှပါ‌တယ်။

မြန်မာနိုင်ငံမှာ အခုတစ်လော အဖြစ်များနေတဲ့ ရောဂါဟာ “အသည်းရောင်အသားဝါ အေ” ပဲ ဖြစ်ပါတယ်။

#အသည်းရောင်အသားဝါအေ (Hepatitis A virus-HAV)

အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ပိုးဟာ အသည်းကို ယောင်ရမ်းထိခိုက်စေတာကြောင့် မျက်လုံး‌ တွေ အရေပြားတွေ ဝါထိန်ပြီး အသားဝါခြင်းဖြစ်လာရပါတော့တယ်။

အေ ဗိုင်းရပ်စ်ပိုးဟာ ဝမ်းကနေတစ်ဆင့်ပျံ့နှံ့ကာ ရေနဲ့အစားအသောက်ကနေ တစ်ဆင့်ကူးစက်တက်ပြီး ရောဂါရှိသူနှင့် လက် ပွန်းတတီး ထိတွေ့ရာမှလည်း ကူးစက်တတ်ပါတယ်။

ရောဂါကူးစက်ခံရသူတိုင်းဟာ အသည်းရောင်အသားဝါ ဖြစ်သွားတတ်ပြီး အားလုံးနီးပါး ပြန်ကောင်း တတ်ပါတယ်။ ပြန်ကောင်းရင်လည်း ဘဝတစ်လျှောက် အသည်းအသားဝါ အေ ရောဂါအတွက် ကိုယ်ခံအားရရှိသွားပြီပဲ ဖြစ်ပါတယ်။

အသည်းအသားဝါ အေ ဟာ အသည်းရောင်အသားဝါ ဘီပိုး (HBV)နှင့် စီပိုး(HCV) လိုမျိုး အသည်းကို နာတာရှည်ရောဂါတစ်ခုအသွင် မဖြစ်နိုင်သော်လည်း ရှားရှားပါးပါး အသည်းရောင်အသားဝါ အေ (HAV) လူနာအချို့မှာ ရောဂါကူးစက်ပြီး အသားဝါသည့်အချိန်တွင် အသည်းထိခိုက်မှုဆိုးရွားလွန်းခြင်းကြောင့် အသက်သေဆုံးသွားတတ်ပါတယ်။

အသည်းရောင်အသားဝါ အေ ကူးစက်ရောဂါ ပျံ့နှံ့ရတဲ့အကြောင်းအရင်းတွေထဲမှာ သန့်ရှင်းတဲ့ ရေ မရရှိခြင်း၊ ပတ်ဝန်းကျင်က ကျန်းမာရေးနဲ့သန့်ရှင်းရေးလျော့တိလျော့ရဲဖြစ်လာခြင်း၊ လက်ဆေးတဲ့ အလေ့အထပျောက်ဆုံးခြင်း၊ ကျန်းကျန်းမာမာရှိနေစေတဲ့ အလေ့အထတွေကို လျှစ်လျူရှုခြင်းတွေဟာ ရောဂါကူးစက်ဖို့ကို ညွှန်ပြနေတာပဲဖြစ်ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါအတွက်စိတ်ချရတဲ့ ကာကွယ်ဆေးလည်းရှိနေပေမယ့် အသည်း ရောင်အသားဝါ အေ ဖြစ်နိုင်တယ်လို့ခန့်မှန်းရတဲ့ ဖွံ့ဖြိုးဆဲဆင်းရဲနိုင်ငံများကို ခရီးသွားလာတဲ့အခါ ကာကွယ်ဆေးထိုးနှံသင့်ကြောင်း ကမ္ဘာလှည့်ခရီးသွားများကို သတိပေးထားပါတယ်။

#အသည်းရောင်အသားဝါအေကူးစက်တဲ့နည်းလမ်းများ

virus ပိုး အဓိက ကိန်းအောင်းရာ လူနာရဲ့ (မစင်)ဝမ်းမှာဖြစ်တာ‌ကြောင့် အိမ်သာအသုံးပြုပြီးလက်ကို နည်းလမ်းမှန်မှန်စင်ကြယ်စွာဆေးဖို့က အရေးကြီးပါတယ်။

အစားအသောက်ပြင်ဆင်ပေးတဲ့သူတွေဟာ ကျန်းမာရေးအသိကြွယ်ဝဖို့လိုအပ်ပါတယ်။ ဝမ်းကနေ တစ်ဆင့် ရေ၊ အစား အသောက်၊ ယင် စတဲ့ နည်းလမ်းနေတွေကနေ ကူးစက်သွားပြီး နောက်ထပ် လူနာ အသစ်တွေအများကြီးဆီ ရောဂါတွေပို့ဆောင်လိုက်ပါတော့တယ်။

စအိုကို လျှာဖြင့်လှုံ့ဆော်ပြီး လိင်ဆက်ဆံသကဲ့သို့ ပြုမူကြခြင်းကြောင့်လည်း ရောဂါကူးစက်နိုင် ပါတယ်။

ကမ္ဘာပေါ်မှာ အသည်းရောင်အသားဝါ အေ ရောဂါ အကြီးအကျယ် ဖြစ်ခဲ့သည်လည်း ကြုံခဲ့ရသလို ၁၉၈၈ က တရုတ်ပြည်ရှန်ဟိုင်းမြို့မှာလည်း လူသုံးသိန်း ကူးစက်ခဲ့ပြီး လနှင့်ချီပြီး ကူးစက်ရောဂါ အသွင်ပျံ့နှံ့ခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ အဖြစ်များတဲ့ အသည်းရောင်အသားဝါ‌ အေ ရောဂါဟာ အသက် ၁၀ နှစ်အောက်ကလေးငယ်တွေမှာ ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ မူးယစ်ဆေးသုံးစွဲသူတွေ၊ စအိုသုံးလိင်ဆက်ဆံကြသူတွေနဲ့ ကမ္ဘာလှည့် ခရီးသွားလာကြသူတွေမှာ အသည်းရောင်အသားဝါ‌ အေ ကူးစက်တတ်ကြပါတယ်။

နေ့ကလေးထိန်းကျောင်းများ၊ မူကြိုများ၊ သာသနာပြုအဖွဲ့ကျောင်းများ၊ တရားရိပ်သာများ၊ စာသင် ကျောင်းများနဲ့ သီလရှင်ကျောင်းများ စတဲ့ အစုအဖွဲ့လိုက်ရှိ‌နေသော နေရာတွေမှာ ရောဂါကူးစက် ပြန့်နှံရန် လွယ်ကူပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ စစ်ရှောင်စခန်းတွေမှာ ဖြစ်ပွားပါက ထိန်းချုပ်ရန်ခက်ခဲပြီး အသေအပျောက်များနိုင်ပါတယ်။

#ရောဂါကိုရင်ဆိုင်ဖြေရှင်းကြရန်

ရောဂါကူးစက်ပြီး ၁၄ရက်မှ ၂၈ရက်အတွင်း အသားဝါလာတတ်ပြီး ကိုယ့်အနီးအနားတစ်ဝိုက်မှာ အသည်းရောင်အသားဝါ အေ ရောဂါ လူနာတစ်ယောက် တွေ့ရှိပြီဆိုပါက လူနာကိုသီးသန့်ခွဲ ထားသင့် ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါလက္ခဏာတွေကတော့ အသားဝါခြင်း၊ ဖျားခြင်း၊ နုံးချိပင်ပန်းခြင်း၊ အစားမစားချင်ဖြစ်ခြင်း၊ ပါးစပ်ပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ အရောင်ရင့်ရင့်ဆီးသွားခြင်း တို့ဖြစ်ကြပါတယ်။

ကလေးငယ်တွေမှာ ဖြစ်ပါက ခံနိုင်ရည်ရှိပြီး လူငယ်လူငယ်များဖြစ်နေရင်တော့ ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပြီး ဆိုးရွားတတ်ပါတယ်။

ကိုယ်ကိုယ်တိုင်ကျန်းမာရေးအတွက် ပြင်ဆင်ရန်မှာ မိမိတို့နေ့စဉ်သုံးနေတဲ့ ရေသန့်ရှင်းဖို့အတွက် ပြုလုပ်ရပါမယ်။ ရေကို ကလိုရင်းခတ် ပိုးသန့်ခြင်းတွေ လုပ်ဆောင်သင့်ပါတယ်။ အစားအသောက် ချက်ပြုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ တည်ခင်းခြင်း အဆင့်တိုင်းမှာလည်း သန့်ရှင်းရေးကိုအထူးဂရုပြုပြီး လက်ကိုစင်ကြယ်အောင်ဆေးကြောဖို့သာ အထူးလိုအပ်ပါတယ်။

ရောဂါကာကွယ်ဖို့အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဖြူးခြင်း၊ ကောင်းမွန်တဲ့ မိလ္လာစနစ်ထိန်းသိမ်းခြင်း၊ ပိုးသတ်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ လက်ဆေး ဆပ်ပြာများ ထောက်ပံ့ပေးခြင်းတို့ကလည်း ထိရောက်တဲ့ ကာကွယ်မှုတွေပဲ ဖြစ်ပါတယ်။

လိင်မှုကိစ္စအတွက် အကာအကွယ်ကွန်ဒုံးသုံးခြင်း၊ Dental dams လို့ ခေါ်တဲ့ အလွှာပါး အကာ အကွယ်ပစ္စည်းများသုံး၍ လိင်မှုပြုလုပ်ကြရန် တိုက်တွန်းပါတယ်။

#ဆေးကုသခြင်း

အသည်းရောင်အသားဝါ အေ ရောဂါ အတွက်တိကျသောကုသမှုမရှိပါ။ ဆေးရုံတင်ထားပြီး ကုသရန်လည်းမလိုအပ်ပါ။ လူနာကို အစာအာဟာရပြည့်ပြည့်ဝ၀ကျွေးမွေးပါ။ အရည်များများတိုက်ပြီး ရေဓာတ်လုံလုံလောက်လောက် ရရှိအောင်ဂရုစိုက်ပါ။ မလိုအပ်ဘဲ‌ဆေးများမသောက်ခိုင်းပါနှင့်။ ပြည့်ပြည့် ဝ၀အနားယူဖို့ အရေးကြီးပါတယ်။

ပါရာစီတမောကဲ့သို ဆေးဝါးတွေကလည်း အသည်းကိုထိခိုက်စေတာကြောင့် လုံးဝတိုက်ကျွေးခြင်း မပြုဘဲရှောင်ရှားသင့်ပြီး ဝမ်းလျောခြင်း၊ ပျို့အန်ခြင်းအတွက် ဓာတ်ဆားရည်သောက်သုံး ပေးနိုင် ပါတယ်။

အသည်းရောင်အသားဝါ အေ ရောဂါကာကွယ်ဆေးကို ထိုးနှံပြီး ရောဂါကိုကာကွယ်နိုင်ပါတယ်။ ရောဂါ ကာကွယ်နိုင်စွမ်း ၉၅ ရာခိုင်နှုန်းရှိပြီး အသက်တစ်နှစ်နှင့် အထက်ကလေးတွေကနေစပြီး အသက် အရွယ်မရွေးထိုးနှံနိုင်ပါတယ်။ ဆေးကိုနှစ်ကြိမ်ထိုးဖို့ လိုအပ်ပြီး နှစ်၂ဝ သက်တမ်းအထိ ကာကွယ် ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ဆေး အလွယ်တကူမရရှိနိုင်တာကြောင့် ပြည်ပကနေ ယူသယ်ဆောင်၍ ထိုးနှံနေရကြောင်းကို ရန်ကုန်မြို့မှာရှိတဲ့ မိတ်ဆွေတွေရဲ့ ပြောပြချက်အရသိရတာမို့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ၊ တစ်ကိုယ်ရည်ကျန်းမာရေး၊ အစား အသောက်သန့်ရှင်းရေး၊ သုံးရေသောက်ရေသန့်ရှင်းစင်ကြယ်ရေးကို အထူးဂရုပြုကြပါ။ ရောဂါအားလုံး ကို ကျော်လွှားနိုင်ပြီး ကောင်းမွန်စွာ ရှင်သန်ကျော်ဖြတ်နိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အသည်းရောင်အသားဝါအေ #ကူးစက်ရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)